Friday, October 12, 2012

God's Address


ဘုရားသခင်၏ လိပ်စာ

          လူတိုင်းတွင်လိပ်စာရှိကြပါသည်။ လိပ်စာဟူသည်မှာ မိမိနေသောနေရာ၊ ညအချိန် အိပ်စက်အနားယူရာနေရာ၊ ဝင်ထွက်သွားလာသော နေရာဖြစ်သည်။ ထာဝရဘုရား၌လည်း လိပ်စာရှိပါသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ကျိန်းဝပ်သောဘုရားဖြစ်သည်။ သို့သော်လည်း မြေကြီးပေါ်တွင် မိမိကျိန်းဝပ်ရမည့်နေရာကို သတ်မှတ်ထားသော ဘုရားဖြစ်သည်။ ဘုရားသခင်သည် နေရာတိုင်းတွင် ရှိသည်။ မှန်ပါသည်။ သို့သော် ဘုရားသခင်သည် နေရာတကာ၌ မကျိန်းဝပ်ပါ။ သူ့ဘုန်းတော်ကို နေရာတကာတွင် မထင်ရှားစေပါ။ ကျမ်းစာထဲ၌ ဘုရားသခင်ကို  လူ့မျက်စိဖြင့် မမြင်ရဟု ရေးထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် မည်သည့်နေရာ၌ ကျိန်းဝပ်နေသည်ကို သိရှိရန် အလွန်အရေးကြီးလှပါသည်။ ယခုအချိန်ကာလ၌ ''ဘုရားသခင်ဘယ်မှာလဲ'' ဟူသော မေးခွန်းကို လူတိုင်းမေးတတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ လိပ်စာကို လေ့လာကြည့်ကြပါစို့။
          ကမ္ဘာဦးကျမ်း ၃း၈ က ''နေဧသောအချိန်တွင် ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူ လင်မယားတို့သည် ကြားလျှင် . . . '' ဟု ဆိုထားပါသည်။ ကမ္ဘာဦးအစက ဘုရားသခင်သည် ဧဒင်ဥယျာဉ်သို့ ကြွလာပြီး လူလင်မယားထံ ရောက်ရှိလာပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ဧဒင်ဥယျာဉ်၌ ကျိန်းဝပ်လျက် သူ၏ဘုန်းတော်ကို ထင်ရှားစေပါသည်။ သို့သော်လည်း ''လူသား'' အပြစ်ထဲသို့ ကျဆင်းပြီးနောက်တွင်  ဧဒင်ဥယျာဉ်မှ လူသားကို မောင်းထုတ်လိုက်လေသည်။ ထို့နောက်တွင် ဘုရားသခင်သည် သူကျိန်းဝပ်ရာနေရာကို ပြောင်းရွှေ့သွားခဲ့သည်။
          ထွက်မြောက်ရာကျမ်း ၂ဝး၂၄ က ''ငါ့အဘို့ မြေယဇ်ပလ္လင်ကိုတည်ရမည် . . . . '' ဟုဆိုထားပါသည်။ အာဒံ နှင့် ဧဝ ဥယျာဉ်မှထွက်ပြီးနောက်ပိုင်း ဘုရားသခင်က ကျိန်းဝပ်သော နေရာအဖြစ် ''ယဇ်ပလ္လင်'' ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် အာဗေလမှ မောရှေလက်ထက်အထိ အဗြဟံ၊ ဣဇက်၊ ယာကုပ် ရှေးဘိုးဘေးအားလုံးတို့သည် ဘုရားသခင်နှင့် စကားပြောသောအခါ ''ယဇ်ပလ္လင်'' တည်ခဲ့ကြရပါသည်။ ထိုအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် မိမိကျိန်းဝပ်ရာ နေရာအဖြစ် ''ယဇ်ပလ္လင်'' တည်ရာနေရာကိုရွေးချယ်ခဲ့ပါသည်။
          ထို့နောက် ဘုရားသခင်သည် မောရှေကို တဲတော် ဆောက်ဖို့ရန် အမိန့်ပေးခဲ့သည်။ ထွက်မြောက်ရာကျမ်း  ၄ဝး၃၄ က ''ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။'' ဟု ဆိုထားပြန်ပါသည်။ ထိုအချိန်အခါတွင် ဘုရားသခင်သည် အသန့်ရှင်းဆုံး ဌာနတော်၌ ကျိန်းဝပ်ခဲ့သည်။ မောရှေလက်ထက်မှစ၍ ဒါဝိဒ် အထိ တဲတော်ထဲ၌သာ ဘုရားသခင်နှင့် စကားပြောရသည်။ တနည်းဆိုရသော် ဘုရားသခင်၏ လိပ်စာသည် ယဇ်ပလ္လင်မှ တဲတော်သို့ ပြောင်းသွားခဲ့ပေပြီ။
          ထို့နောက် ရှောလမုန်လက်ထက်၌ တဲတော်အစား ဗိမာန်တော်ကို တည်ဆောက်ခဲ့သည်။ ၃ဓမ္မ ၈း၁ဝ ''ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနထဲက ထွက်ကြသောအခါ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့် ပြည့်၏'' ဟု ဆိုထားပါသည်။ ရှောလမုန်မင်းကြီး ဗိမာန်တော်တည်ဆောက် ပြီးသောအခါ ဘုရား၏ ဘုန်းတော်မိုးတိမ်သည် ချက်ချင်း ဗိမာန်တော်၌ ကျိန်းဝပ်လာသည်။ ထိုနေ့မှစ၍ ဘုရားသခင်၏ လိပ်စာသည် တဲတော်မှသည် ဗိမာန်တော်သို့ ပြောင်းသွားခဲ့ပြန်ပါသည်။ ဘုရားသခင်သည် ထိုအချိန်အတောအတွင်း ဗိမာန်တော်၌သာ ကျိမ်းဝပ်၍၊ ဗိမာန်တော်ထဲမှာသာ စကားပြောခဲ့သည်။
          ထို့နောက်မှ ယေရှုခရစ် ကြွလာသောအခါ ယေရှုခရစ်က ငါသည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်သည် ဟု ကြေညာခဲ့သည်။ ယောဟန် ၁း၁၈ က ''ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။'' ဟု ဖော်ပြထားခဲ့သည်။ ဗိမာန်တော် အဆောက်အအုံမှ ဘုရားသခင်သည် သူကျိန်းဝပ်သော နေရာအဖြစ် မိမိသားတော်ယေရှု၌ ထင်ရှားခဲ့သည်။ ထို့ကြောင့် ယေရှုရှိသော နေရာတိုင်း၌ နိမိတ်လက္ခဏာ၊ ရူပါရုံ၊ ဘုရား၏ ဖွင့်ပြချက်များ ရှိခဲ့ပါသည်။ ဘုရားသခင်၏ လိပ်စာသည် ဗိမာန်တော်မှသည် ယေရှုဆိုသည့် လူပုဂ္ဂိုလ်ထဲသို့ ပြောင်းရွှေ့သွားခဲ့သည်။
          ယခုအချိန်အခါတွင် ယေရှုခရစ်သည် လောက၌ မရှိတော့ပါ။ ကောင်းကင်ဘုံသို့ တက်ကြွသွားပြီ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်နေရာတွင် ကျိန်းဝပ်နေပါမည်နည်း။ မဿဲ ၁၈း၂ဝ တွင် ''အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏ နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်'' ဟု မိန့်တော်မူခဲ့သည်။ ၁ကော ၃း၁၆ က '' သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော'' ဟု ဆိုထားပါသည်။
          ယေရှုခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွပြီးနောက် ဘုရားသခင်သည် သူကျိန်းဝပ်ရာနေရာအဖြစ် သူ့ကို ယုံကြည်သူ အယောက်စီတိုင်းကို ရွေးချယ်ခဲ့ပါသည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီတိုင်းသည် ဘုရားသခင်၏ လိပ်စာဖြစ်သည်။ ဘုရားသခင်ကို တွေ့လိုသော၊ မြင်လိုသောသူ ရှိသမျှသည် ကျွန်ုပ်တို့ထံ လာရောက်ကြရမည်ဖြစ်သည်။
          အထူးသဖြင့် ကျွန်ုပ်တို့ နှစ်ဦး (သို့) သုံးဦး ယေရှုနာမကို ထောက်၍ စည်းဝေးသော နေရာသည် ဘုရားသခင်၏ လိပ်စာဖြစ်သည်။ ဘုရားသခင်သည်  မိမိကျိန်းဝပ်ရာနေရာကို ယေရှုထံမှ ကျွန်ုပ်တို့ အသင်းတော်သို့ ရွှေ့ပြောင်းခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုနာမကို ဦးထိပ်ထားပြီး စည်းဝေးသောအခါ (သို့) ဝတ်ပြုကိုးကွယ်သောအခါ ကျွန်ုပ်တို့အလယ်၌ ဘုရားသခင် ကျိန်းဝပ်နေပါသည်။ နိမိတ်လက္ခဏာ၊ ဘုရား၏ ဖွင့်ပြမ၊ှု အနာရောဂါငြိမ်းခြင်း များသည် အစည်းအဝေးအတွင်း၌ အမြဲရှိနေရမည်ဖြစ်သည်။ မယုံကြည်သူများသည် ဘုရားသခင်ကို သင့်ထံတွင် ရှာဖွေမည်ဖြစ်သည်။
          သင်သည် ဘုရားသခင်၏ လိပ်စာဖြစ်ပါသည်။ ကျွန်ုပ်တို့ ယေရှုနာမကို ထောက်၍ အတူတကွ စည်းဝေးသောနေရာသည် ဘုရားသခင်၏ လိပ်စာဖြစ်သည်။                                                                                                                     Brother Khai
                                                          FYN Vol.1 No.3 (Dec 13, 2011)

No comments:

Post a Comment