Friday, October 12, 2012

Believer's Right



ယုံကြည်သူတစ်ဦး၏ ရပိုင်ခွင့်၊ အခွင့်အရေး 


ဟောရှေ ၄း၆ (က)
          ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးကြ၏။
          ယုံကြည်သူတစ်ဦး၏ ရပိုင်ခွင့်ဆိုသည်မှာ သခင်ယေရှုကို ယုံကြည်လက်ခံသော သူ တစ်ဦးစီတိုင်း၏ ပိုင်ဆိုင်ခွင့်၊ ခံစားခွင့်၊ သုံးစွဲခွင့်ဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် ''လူ့အခွင့်အရေး''၊ ''အမျိုးသမီးအခွင့်အရေး''၊ ''ကလေးများ အခွင့်အရေး''၊ ''နိုင်ငံသားများ၏ အခွင့်အရေး'' ဟူ၍ သုံးနှုန်း လာကြသည်။ ထိုနည်းတူ ယုံကြည်သူ အယောက်စီတိုင်း မိမိအခွင့်အရေး ''Right'' ကို သိထားသင့်သည်။ ဥပမာ - မြန်မာနိုင်ငံတွင် မွေးသောလူတိုင်း နိုင်ငံသားအခွင့်အရေးကို ရရှိကြပါသည်။ နိုင်ငံခြားသားများသည် နိုင်ငံသားများ၏ အခွင့်အရေးကို မရရှိနိုင်ကြပါ။ ထိုရပိုင်ခွင့် အခွင့်အရေးများကို အခြေခံဥပဒေ၌ ရေးသားထားသည်။ ဥပဒေစာအုပ်၌ ရေးထားသောအရာကို နားလည်သိရှိသောသူသည် မိမိ၏ ရပိုင်ခွင့်ကို ခံစားရသောသူဖြစ်သည်။
          ယုံကြည်သူ အယောက်စီတိုင်းသည်လည်း ယေရှုခရစ်အားဖြင့် များစွာသော အခွင့်အရေးကို ရရှိကြသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ကိုယ့်အခွင့်အရေးကိုပင် နားမလည်သောအခါ ကောင်းကြီးများစွာ ဆုံးရှုံးကြရသည်။ ကျွန်ုပ်တို့၏ အခွင့်အရေးကို ဥပဒေတည်းဟူသော ကျမ်းစာ၌ ရေးထားပါသည်။ ''မရှိတာထက် မသိတာခက်'' ဟူသော စကားပုံကဲ့သို့ပင် ယုံကြည်သူများသည် မိမိ၌ ရှိလျက်နှင့် မသိရှိခဲ့ဘဲ ရန်သူစာတန်၏ လှည့်ဖျားခြင်း ခံရကာ များစွာဆုံးရှုံးခဲ့ကြသည်။
          ကျမ်းစာထဲ၌ရှိသော ဒါဝိဒ်သည် သူ့ရပိုင်ခွင့်၊ အခွင့်အရေးကို ကောင်းစွာ သိရှိနားလည် သဘောပေါက်သောသူတစ်ယောက် ဖြစ်သည်။ ဂေါလျက်နှင့် ယှဉ်ပြိုင်သောအခါ ''အရေဖျားလှီးခြင်း မခံရသောသူ'' ဟု စိန်ခေါ်ခဲ့သည်။ ဆိုလိုသည်မှာ အရေဖျားလှီးခြင်း ခံရသော၊ ဣသရေလလူမျိုးတို့၏ ရပိုင်ခွင့်ရှိသော အခွင့်အရေးကို သူသည် ကျမ်းစာအားဖြင့် ကောင်းစွာနားလည်ခဲ့သည်။ ထို့ကြောင့် ဂေါလျက်ကို လက်နက်မရှိသော်လည်း စိန်ခေါ်ရဲခြင်းသည် သူ၏ရပိုင်ခွင့်ကို သိသောကြောင့်ဖြစ်သည်။
          ထို့ကြောင့် ယုံကြည်သူများသည် ဒီလောက၌ အသက်ရှိစဉ်ကာလတွင် ဘုရားသခင်ပေးသော ကောင်းကြီးမင်္ဂလာများ၊ အခွင့်အရေးများကို လက်မလွှတ်မိဖို့ အရေးကြီးပါသည်။ အကြောင်းမူကား၊ ကျွန်ုပ်တို့ကောင်းကင်ဘုံသို့ ရောက်သောအခါ အရာခပ်သိမ်း ပြီးပြည့်စုံမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပေးသော ''အခွင့်အရေး'' များကို ဒီကမ္ဘာလောက၌ ရယူဖို့ဖြစ်သည်။
          ဘုရားသခင်သည် ကျွန်ုပ်တို့၏ အခွင့်အရေး၊ ရပိုင်ခွင့်များကို ကျမ်းစာထဲ၌ ရေးထားပါသည်။ တနည်းဆိုရသော် နှုတ်ကပတ်တော်၌ ဝှက်ထားပါသည်။ သို့သော်လည်း လိုချင်တောင့်တသောသူများကိုသာ ဝိညာဉ်တော်အားဖြင့် ဖွင့်ပြပြီး နားလည်စေခဲ့ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သမ္မာကျမ်းစာကို ဖွင့်ပြဖို့ ကြွဆင်းလာဖြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားခင်သည် ယေရှုခရစ်အားဖြင့် ယုံကြည်သူ အယောက်စီတိုင်း ပေးသနားသော အခွင့်အရေး (Right) ၊   ရပိုင်ခွင့်များကို သိရှိဖို့ ကျမ်းစာဖတ်ကြပါရန် အားပေးတိုက်တွန်း ဝေမျှလိုပါသည်။                                                          
                                                                             Brother Khai
                                                                   FYN Vol.1 No.2 (Dec 6, 2011)
 

No comments:

Post a Comment