သြမေဃဘုရားသခင်
ဗျာဒိတ် ၁း၈
'' ငါသည် အာလဖ ဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု
အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင်
ဘုရားသခင် မိန့်တော်မူ၏။''
ကမ္ဘာဦးကျမ်းတွင်
တွေ့ရသကဲ့သို့ ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် အရာခပ်သိမ်းကို အစပြု လုပ်ဆောင်သော
ဘုရားသခင် ဖြစ်ပါသည်။
ထို့အပြင် အစပြုသူသီးသန့်မဟုတ်ဘဲ အဆုံးသတ်ကိုလည်း
တာဝန်ယူသောသူ ဖြစ်ပါသည်။ ဘုရားသခင် အစပြုခဲ့သော ကိစ္စတစ်ခုကို သူကိုယ်တိုင် အမြဲတစေ
ပြီးမြောက်စေခဲ့သည်။ တစ်ဝက်တစ်ပျက် ထားခဲ့သည်ဟူ၍ မရှိပါ။ အရာခပ်သိမ်း ဖန်ဆင်းခံအားလုံး၏
မူလအစသည် ဘုရားသခင်ဖြစ်သကဲ့သို့ အရာအားလုံးကို အဆုံးသတ်မည့်သူလည်း ဘုရားသခင်ဖြစ်သည်။
ဂရိစာ၌ အာလဖ သည် အစစာလုံးဖြစ်ပြီး သြမေဃ သည် အဆုံးစာလုံးဖြစ်သည်။ ထို့ကြောင့် ကျမ်းစာတွင်
'ငါသည် အာလဖဖြစ်၏။ သြမေဃ လည်းဖြစ်၏' ဟု ဘုရားသခင်သည် မိမိကိုယ်ကိုယ် မိတ်ဆက်နေခြင်းဖြစ်သည်။
တစ်နည်းဆိုရသော် သူအစပြုခဲ့သည့် အမှုအရာအလုံးစုံကို သူကိုယ်တိုင် ပြီးမြောက်စေမည်ဟု
အာမခံနေခြင်းလည်းဖြစ်သည်။
ယနေ့ခရစ်ယာန်အသက်တာများတွင်သော်
၎င်း၊ ရှေးဦး ယုံကြည်သူများ အသက်တာတွင်သော်၎င်း ဘုရားနှင့် အစပြုသောအရာ(သူ) များစွာရှိပါသည်။
ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဘုရားသခင်ထံမှ ဖွင့်ပြချက်၊ စေခိုင်းချက် တစ်ခုခုကြောင့်
အစပြုခဲ့သည်များလည်း ရှိကောင်းရှိမည်ဖြစ်သည်။ သို့သော် ထိုသို့ ဘုရားသခင်နှင့် အစပြုခဲ့ကြသည်
မှန်သော်လည်း လမ်းခုလတ်တွင် ပြဿနာ၊ ဒုက္ခ၊ အခက်အခဲ၊ စိန်ခေါ်မှုများနှင့် တွေ့ကြုံရသည့်အခါ
ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ယိုင်နဲ့လာပြီး စိတ်ဒုက္ခရောက်တတ်ကြပါသည်။ ထိုသို့ဖြစ်ရခြင်း၏
အဓိကအကြောင်းရင်းမှာ ဘုရားသခင် စခဲ့သည့်အမှုအရာကို ကျွန်ုပ်တို့က ပြီးမြောက်စေရမည်ဟု
ထင်မြင်မိသောကြောင့်ဖြစ်သည်။ ဘုရားသခင် အစပြုလုပ်ဆောင်သည့် ကိစ္စရပ်တိုင်းသည် လူ့ဦးနှောက်နှင့်၊
လူ့အစွမ်းနှင့် မဖြစ်နိုင်သည့် ကိစ္စများသာဖြစ်ရာ ကျွန်ုပ်တို့က ထိုအရာကို ကျွန်ုပ်တို့၏
ကိုယ်ပိုင်စွမ်းအားနှင့် ဆောင်ရွက်ရန် ကြံစည်နေလျှင် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် ဘုရားသခင်သည် မိမိအစပြုလုပ်ဆောင်ခဲ့သည့်ကိစ္စကို သူကိုယ်တိုင် အဆုံးထိတာဝန်ယူုပေးမည်ဖြစ်ကြောင်း
ခံယူတတ်ဖို့လိုပါသည်။
ထွက်မြောက်ရာကျမ်း
၃၂း၁- ၁၄ ၌ဣသရေလလူမျိုးတို့သည် ရုပ်တုကိုးကွယ်ပြီး ထာဝဘုရားကို ပြစ်မှားခြင်း အကြောင်းကို
တွေ့ရသည်။ ထို့နောက် ဘုရားသခင်သည် အမျက်တော် ပြင်းစွာထွက်ပြီး သူတို့ကို ဖျက်ဆီးရန်
ပြင်ခဲ့သည်။ ဣသရေလ လူမျိုးအားလုံးကို ဖျက်ဆီးမည်ဟု ဘုရားသခင်က မောရှေကို မိန့်တော်မူခဲ့သည်။
ထိုအခါ မောရှေက ဘုရားသခင်ထံ ဣသရေလလူမျိုးတို့ကို ကိုယ်စားပြုပြီး အပြစ်ဝန်ချတောင်းပန်ပေးခဲ့သည်။
မောရှေက ဘုရားသခင်ကို အာဗြဟံ၊ ဣဇက်၊ ဣသရေလ တို့၌ ထားခဲ့သော ဂတိတော်ကို အောက်မေ့ပါဟု
တောင်းပန်ခဲ့ပါသည်။ ''ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးလျှင် ကိုယ်တော်ကိုယ်တိုင် အရှက်ကွဲမည်''
ဟု ဘုရားသခင်ကို ပြောကြားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် နောင်တရပြီး ဣသရေလလူမျိုးတို့ကို
မဖျက်ဆီးခဲ့ပါ။
ဤနေရာ၌
မောရှေသည် ဘုရားသခင်ကို ကိုယ်တော်အစပြုခဲ့သည့် အမှုကို အဆုံးမသတ်ဘဲ မနေပါနှင့်ဟု ပြောနေခြင်းဖြစ်သည်။
ဘုရားသခင်သည် သူကိုယ်တိုင် ဣသရေလလူမျိုးများကို ခါနာန်ပြည်သို့ ပို့တောင်မည်ဟု ဂတိပေးခဲ့သောကြောင့်
ထိုနေရာအထိ အရောက်ပို့ပေးဖို့က သူ့တာဝန်ဖြစ်သည်။ ဤသရေလ လူမျိုးများ ကောင်းလွန်း၍ မဟုတ်ခဲ့ပါ။
အာဗြဟံ၊ ဣဇက်တို့၌ ဂတိထားခဲ့သောအရာကို ပြီးမြောက်စေလိုသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည်
ဣသရေလလူမျိုးများ၏ အခြေအနေပေါ်တွင် မလုပ်ဆောင်ဘဲ သူ့ကတိစကားအတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်သည်။
ဘုရားသခင်သည်
ဂတိတည်သောဘုရား၊ သစ္စာနှင့် ပြည့်စုံသော ဘုရားဖြစ်သည်။ သူ့ နှုတ်တော်ထွက်စကားကို သူကိုယ်တိုင်တာဝန်ယူ
ပြီးမြောက်စေသော ဘုရားဖြစ်သည်။ လူသားများ၏ အားနည်းချက်ကြောင့်တော့ သူ့စီမံကိန်းကို
အဖျက်ဆီးမခံပါ။ လူသား၏ အခြေအနေ မည်သို့ပင်ရှိစေ အောင်မြင်ပြီးစီးသည်အထိ လုပ်ဆောင်မည်သာဖြစ်သည်။
လူသားများကဲ့သို့ သူ၏ဂတိတော်ကို မအောင်မြင် မပြီးမြောက်စေသော ကိစ္စရပ်များ ဘုရားသခင်တွင်
မရှိခဲ့ပါ။ ရှိမည်လည်း မဟုတ်ပါ။ ယခု ကျွန်ုပ်တို့၏ အခြေအနေပေါ်တွင် မမူတည်ပါ။ မိတ်ဆွေ
ကောင်း၍မဟုတ်၊ ဆိုး၍လည်းမဟုတ်ပါ။ သူအစပြုခဲ့သောအရာကို သူ၏ဂတိတော်အတိုင်း အဆုံးသတ်ပေးခြင်း၊
ပြီးမြောက်စေခြင်းသာ ဖြစ်ပါသည်။
ယနေ့
ကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင်သည် သူလိုချင်သည့်အတိုင်း လုပ်ဆောင်ပေးမည်ဖြစ်သည်။ သူ့
ခေါ်ခြင်းတရားထဲသို့ သူကိုယ်တိုင် ပို့ဆောင်ပေးမည်ဖြစ်သည်။ မိတ်ဆွေ သူ့နောက်လိုက်ဖို့ရန်
မဆုံးဖြတ်သေးလျှင်ပင် သူရွေးချယ်သောသူကို အရခေါ်ယူမည်ဖြစ်သည်။ ထို့ကြောင့် အသက်တာတွင်
အရေးကြီးဆုံးသိရမည်မှာ 'ဘုရားသခင်ဘာလုပ်ခိုင်းနေလဲ' ဆိုသည့် အရာဖြစ်သည်။ ထိုအရာကိုသိပြီး
အစပြုလုပ်ဆောင်နေပြီဆိုလျှင်င် အဆုံးသတ်သည် ဘုရားသခင်၏ တာဝန်သာဖြစ်သည်။ ဘုရားသခင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ယခု
မိတ်ဆွေ၏ အခြေအနေနှင့် ကြည့်လျှင်တော့ မိတ်ဆွေ၏ အသက်တာအတွက် ဘုရားသခင်၏ ခေါ်ခြင်းသည်
ကြီးမားသောအရာ၊ ဖြစ်နိုင်စရာမရှိသည့်အရာ တစ်ခု ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် မကြောက်ပါနှင့်။
ဘုရားသခင် မိတ်ဆွေကို ခေါ်သည့်အခါ သူကိုယ်တိုင် အဆုံးထိ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်သည်။
မိတ်ဆွေ၏
ပညာရေးအခြေအနေ၊ အရည်အချင်း၊ ရှေ့အလားအလာ ဘာမျှ မရှိလျင်နေပါစေ
ဘုရားသခင်က သူ့နည်းလမ်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်သည်။ သူ့နည်းလမ်းဆိုရာတွင် သဘာဝလွန်ကဲသည့်
နည်းလမ်းကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အစဖြစ်သကဲ့သို့၊ အဆုံးထိ
ပြီးမြောက်အောင်ဆောင်ရွက်သူလည်း ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် ခွန်အားပေးလိုပါသည်။
Brother
Khai
FYN
Vol.1 No.4 (Dec 20, 2011)
No comments:
Post a Comment