သုညဟူသည်
![]() |
သုညဘ၀သို့ သခင်ပို့ဆောင်မူပါ |
ကနေ့တော့ ကျွန်တော့်ဘဝကို ယေရှုနှင့်သာ
လျှောက်လှမ်းဖို့ရန် ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်သည်။ သဲကန္တာရ ခရီးလမ်းအတိုင်း လျှောက်လာခဲ့သည်။
ခရီးတစ်ကွေ့အရောက်တွင် ယေရှုက ''ကဲ . . . ငါ့သား မင်းရဲ့ ခရီးဆောင်အိတ်ကို ချထားခဲ့ပါ။
မင်းအတွက် မလိုပါဘူး။ ငါရှိနေတာပဲ။ မင်းခရီးဆောင်အိတ် ရှိနေသရွေ့ မင်းလိုသမျှကို ခရီးဆောင်အိတ်ထဲမှာ
မင်းရှာပြီး အသုံးပြုတယ်။ ငါ့ကို အားကိုးဖို့ မင်းမေ့လာတယ်'' ဟု ပြောသည်။ သို့နှင့်
ကျွန်တော်လည်း 'ဟုတ်ကဲ့'ဟုဆိုကာ ခရီးဆောင်အိတ်ကို ချထားခဲ့လိုက်သည်။ ကျွန်တော်တို့
ဆက်လျှောက်လာခဲ့သည်။ ကျွန်တော့်စိတ်ထဲမတော့ ယေရှုက ကျွန်တော့်ကို ဘယ်အချိန် အသုံးပြုမလဲဆိုသည်ကို
သိချင်လွန်းလှပြီ။ သို့နှင့် ယေရှုက ဒုတိယအကြိမ် စကားပြောသည်။ ''သား . . . မင်းရဲ့ လက်မှာပတ်ထားတဲ့
လက်ပတ်နာရီကိုလည်း ချွတ်ပြီး ချထားခဲ့လိုက်ပါ။ အချိန်ဆိုတဲ့အရာကို မင်းအရမ်းအလေးပေးနေတယ်။
ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အချိန်ဆိုတာမရှိဘူး။ ဘုရားအချိန်ကလွှဲပြီး တခြားအချိန်တွေကို
မေ့ထားဖို့အတွက် မင်းနာရီကို ချထားပါ။ နာရီကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့တော့။''
ကျွန်တော်လည်း ဟုတ်သားပဲ ဟု စဉ်းစားမိသည်နှင့်
နာရီကို ချွတ်၍ ချထားခဲ့လိုက်သည်။ ကျွန်တော်ကိုယ်တိုင် အသက်ဘယ်နှစ်နှစ်မှာ ဘုရားကအသုံးပြုပြီး၊
ဘယ်နှစ်နှစ်ကြာ ဘုရား၏ပုံသွင်းခြင်း အစီအစဉ်ထဲရှိနေမည် ဟူ၍ တွက်ဆထားခဲ့မိသည်ကို နောင်တရမိတော့သည်။
ထိုမှာ သိပ်မကြာလိုက်ပေ။ တတိယအကြိမ် ယေရှုက ကျွန်တော့် ပိုက်ဆံအိပ်နှင့် အထဲတွင်ရှိသည့်
ငွေစက္ကူ၊ ကျွန်တော့် အမေနှင့် ကျွန်တော့်၏ တစ်ပုံတည်းသော ဓာတ်ပုံ အားလုံးကို စွန့်ပစ်ခိုင်းသည်။
''ထွန်တုံးကိုကိုင်၍ နောက်လှည့်ကြည့်သောသူမည်သည်ကား ငါ့နိုင်ငံတော်နှင့် မထိုက်မတန်။''
ကျွန်တော် တွန့်ဆိုင်းမနေဘဲ ပိုက်ဆံအိပ်ကို လွှင့်ပစ်လိုက်သည်။ ကျွန်တော် ယေရှု တောင်းသည့်အရာအားလုံးကို
ပေးအပ်ခဲ့ပြီ၊ စွန့်လွှတ်ခဲ့ပေပြီ။ ကျွန်တော့်မှာ စွန့်လွှတ်စရာ ဘာမှ မကျန်တော့ပေ။ သုည။
အမှန်တော့ သုညအောက်တောင် ရောက်ဦးမည်ထင်သည်။ ထိုအချိန်တွင် ယေရှုက လမ်းဘေးတွင် ရှိသော
အုတ်ခုံပေါ်ထိုင်လိုက်သည်။ ကျွန်တော်လည်း ယေရှု အနီးတွင် ထိုင်လိုက်သည်။
ယေရှုမျက်နှာကို ကြည့်ရသည်မှာ သိပ်ကျေနပ်ဟန်မပေါ်ပေ။
သူ ကျွန်တော့်ကို မေးသည်။ ''သား . . . မင်းငါ့ကို
အမှန်အတိုင်းပြောပါ။ မင်း ဆီမှာငါ့ကိုဖုံးကွယ်ထားတာ ဘာကျန်သေးလဲ။'' ကျွန်တော် ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
''ကိုယ်တော် ဘာကိုဆိုလိုတာလဲ။ ကျွန်တော့်ဆီမှာ ဘာမှမကျန်တော့ဘူးလေ။ အားလုံးကို ကျွန်တော်စွန့်လွှတ်ခဲ့ပြီလေ။''
ကျွန်တော် ယေရှုကို မေးခွန်းပြန်ထုတ်လိုက်သည်။ ထိုသို့ ပြောလိုက်သည်နှင့် ဘာကြောင့်မှန်းမသိ
ကျွန်တော့်နှလုံးသားထဲ တစ်ဆစ်ဆစ်နာကျင်နေသည်။ ယေရှုက သူ့ လက်နှင့် ကျွန်တော့်နှလုံးသား
အပေါ်ကို တို့ထိလိုက်သည်နှင့် တပြိုင်နက် ကျွန်တော့်လက်က ကိုယ်တော့်လက်ကို ပုတ်ထုတ်
ဖယ်ရှားလိုက်သည်။ ယေရှုကမေးသည်။ ''သား . . .
အဲဒီမှာဘာရှိလဲ။'' ရုတ်တရက် ကျွန်တော့်ရင်ထဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
တနည်းဆိုရသော် ကျွန်တော့် အရှိုက်ကို ထိသွားပေသည်။ ကျွန်တော် အံတင်းထားလိုက်ပြီး ''သေတ္တာတစ်လုံး
ရှိတယ်ကိုယ်တော်'' ဟု ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။ ယေရှုက ''အဲဒီသေတ္တာ ငါ့ကိုပေးပါ။
အခုချိန်ကစပြီး ငါသယ်ပေးမယ်'' ဟုပြော၍ လက်ကို ဆန့်တန်းလိုက်သည်။ ကျွန်တော် ထိုင်နေရာမှ
ထရပ်လိုက်သည်။ ဆောရီးပဲ ကိုယ်တော်။ ကျွန်တော် စိတ်ထဲရေရွတ် လိုက်မိသည်။ ''ဒီထဲမှာ ဘာတွေရှိလဲကိုယ်တော်မသိဘူးနော်။''
ကျွန်တော် ယေရှုကို ပြောလိုက်လျှင် ယေရှုက ''ဘာပဲရှိရှိ ကိစ္စမရှိဘူး။ အခု ငါ့ကိုပေးလိုက်ပါ''
ဟု ထပ်ပြောသည်။ ''ကိုယ်တော် ခွင့်လွှတ်ပါ။ ကျွန်တော် ဒါတော့ပေးလို့မရဘူး။ ကိုယ်တော့်အတွက်
ကျွန်တော့် အိပ်မက်၊ ရည်မှန်းချက်၊ ချစ်ခင်ကြင်နာသူ ဒါတွေအားလုံး ကျွန်တော်စွန့်လွှတ်ခဲ့ပြီးပြီ။
ဒါတော့ ကျေးဇူးပြုပြီး မတောင်းပါနဲ့လား။'' ကျွန်တော်ပြောရင်း မျက်ရည်ကျလာသည်။
'''''''''
သေတ္တာလေး စတင်မွေးဖွားလာရာကို ပြန်သွားရလျှင်
လွန်ခဲ့သည့် ၁၄ နှစ်ခန့်ကဖြစ်သည်။ ထိုစဉ်က ကျွန်တော့်အသက် ၆ နှစ်သာရှိသေးသည်။ သို့သော်
ထိုအသက်အရွယ်တွင် ကျွန်တော် လောကကြီးအကြောင်းကို အတော်အတန်နားလည် နေပေပြီ။ အဖေက ကျွန်တော်မမွေးခင်က
သေဆုံးသွားခဲ့ပြီဖြစ်ရာ ထိုအချိန်တွင် ကျွန်တော် သေခြင်းတရားကိုလည်း ကောင်းကောင်း နားလည်
သဘောပေါက်ထားခဲ့ပေပြီ။ အဘွားက ကျွန်တော့်ကို လုံးဝမချစ်။ သူဆူလေ့ရှိသည့် စကားတစ်ခွန်းက
''မျိုးမစစ်ကလေး။'' အဘွား ကျွန်တော့်ကို ထိုသို့ဆူလိုက်တိုင်း ကျွန်တော့်ရင်ထဲမှာ နှိုင်းဆမရသည့်
နာကျင်မှုကို ခံစားရသည်။ ကျွန်တော့်တွင် အဖေရှိသည်။ သို့သော်ကွယ်လွန်သွားခဲ့ပြီ။ အမေလည်း
ရှိနေသည်။ ဘာကြောင့် ကျွန်တော် မျိုးမစစ်ကလေး ဖြစ်ရသည်ကို ကျွန်တော်နားမလည်။ ထိုနေ့က
ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်။ အမေသောက်နေကျ အိပ်ဆေးကို ပုလင်းလိုက်
ကျွန်တော်ရေနှင့် မျိုချလိုက်သည်။ သတိရလာတော့ ကျွန်တော့်အမေ ခုတင်ဘေးနားတွင် ငိုယိုနေသည်။
သူကျွန်တော့်ကို မဆူခဲ့ပါ။ ကျွန်တော့်နဖူးကို ဖွဖွလေးနမ်း၍ အလုပ်လုပ်ရန် ထွက်သွားတော့သည်။
ထိုအချိန်တွင် အဖွား ရောက်လာခဲ့သည်။ သူ့မျက်နှာတွင် ဒေါသအရိပ်ကို တွေ့ရသည်။ ထိုအချိန်မှစ၍
ကျွန်တော့်ကို သူ ဒရစပ် ဆဲရေးတော့သည်။ သူပြောနေသည်များကို အစက ကျွန်တော်နားမလည်။ နောက်ပိုင်းတွင်တော့
စကားလုံးအချို့ကိုဖမ်းမိပြီး ကျွန်တော် ကောင်းကောင်းနားလည်သွားခဲ့သည်။ ''. .
. အဖေလုပ်သူက ငါ့သမက်ကိုသတ်၊ ငါ့သမီးကို စော်ကားပြီး
ဘဝဖျက်တယ်။ မျိုးမစစ်တဲ့ မင်းက ကိုယ့်အမေရင်းဖြစ်တဲ့ ငါ့သမီးကို စိတ်ဒုက္ခရောက်အောင်ထပ်လုပ်တယ်။
အဲဒီအိပ်ဆေးသောက်ပြီး သေခဲ့ပါလား။ ဘာလို့မသေရတာလဲ။'' ကျွန်တော်သည် မုဒိမ်းကောင်တစ်ယောက်၏
သားဖြစ်နေခဲ့သည်။ နာကျဉ်းမှု၊ နာကျင်မှုများစွာနှင့် အမေက ကျွန်တော့်ကို မွေးခဲ့သည်။
ကျွန်တော့်အဖေဟု သိခဲ့သည့်သူကို ကျွန်တော့်အဖေရင်းက သတ်ခဲ့သေးသည်။ ကျွန်တော်ငိုလည်းမငိုနိုင်၊
ရယ်လည်းမရယ်နိုင်။ ကျွန်တော့်ကိုယ်ထဲတွင် စီးဆင်းနေသည့် ထိုမုဒိမ်းကောင်၏ သွေးများကို
ဖြစ်နိုင်လျှင် အားလုံးဖောက်ထုတ်ပစ်လိုက်ချင်သည်။ အမေ့ကိုလည်း ကျွန်တော်အရမ်းသနားသွားသည်။
ထိုနေ့တွင် အမည်မသိသည့် လူတစ်ယောက်မှ သေတ္တာတစ်လုံး ကျွန်တော့်ကိုပေးသွားပြီး ထိုသေတ္တာထဲတွင်
ကျွန်တော်နာကျင် ခံစားရသမျှအားလုံးကို ထည့်ထားရန် မှာခဲ့သည်။ ထိုနေ့မှစ၍ ကျွန်တော်ကိုယ့်ကိုယ်ကို
သတ်သေရန်လည်း မကြိုးစားခဲ့တော့ပေ။ ကျွန်တော် ငိုလည်းမငိုတော့။ နာကျည်းရသမျှ၊ နာကျင်ရသမျှကို
သေတ္တာထဲထည့်ပြီး ထိန်းသိမ်းထားခဲ့သည်မှာ ၁၄ နှစ်တိတိ ရှိခဲ့ပြီဖြစ်သည်။
'''''''
''ကိုယ်တော် ကျေးဇူးပြုပြီး ဒီသေတ္တာလေးတော့
မတောင်းပါနဲ့လားကိုယ်တော်။ ကျွန်တော် ဒါလေးနဲ့ပဲ အသက်ရှင်ခဲ့ရတာပါ။ ဒီသေတ္တာလေးကလွှဲလို့
ကျွန်တော့်မှာဘာမှရှိခဲ့တာမဟုတ်ဘူး။'' ကျွန်တော် ယေရှုရှေ့တွင် ဒူးထောက်ပြီး ငိုယိုတောင်းပန်သည်။
ယေရှု ကျွန်တော့်ကို ထူပြီး သူ့ရင်ခွင်ထဲတွင် ငိုကျွေးစေသည်။ ကျွန်တော် ကလေးငယ်တစ်ယောက်လို
နာကျင်စွာငိုကျွေးခဲ့သည်။ ''ငါ့သား ငါကမင်းရဲ့ ပိုင်ဆိုင်မှုတွေကိုပဲ တောင်းဆိုတာမဟုတ်ပါဘူး။
မင်းရဲ့ ခက်ခဲမှု၊ နာကျင်မှု၊ နာကျည်းမှုတွေကိုလည်း အတူတူ တောင်းဆိုနေတာပါ။ ဒါတွေအားလုံးကို
မင်းလက်လွှတ်လိုက်ပါ။ မင်းဘဝအတွက် ငါရှိနေရင်ပြီးပြီ။ ယေရှုဆိုတဲ့ ငါ့ကိုရပြီးမှတော့
မင်းအတွက် လိုအပ်တာဘာမှမရှိတော့ဘူးပေါ့။''
ကျွန်တော် ထိုနေ့က သေတ္တာလေးကို ယေရှုလက်ထဲ
ပေးအပ်ခဲ့သည်။ ယေရှုက ကျွန်တော့်ကို လွှတ်မြောက်ခြင်း ပေးခဲ့သည်။ ထိုအချိန်ကစပြီး ကျွန်တော်
မနာကျင်တော့ပါ။ ကျွန်တော့် ခန္တာကိုယ်တွင် ယေရှု မတို့ထိနိုင်သည့် '' တားမြစ်နယ်မြေ
'' မရှိတော့ပါ။ ကျွန်တော့်ကို ယေရှုပိုင်ဆိုင်သွားပေပြီ။ နာကျင်မှု၊ နာကျည်းမှုတို့ကို
သိမ်းဆည်းထားသည့် သေတ္တာနှင့်အတူ ကျွန်တော့်ဘဝ၏ လေးလံမှု၊ ခွင့်မလွှတ်နိုင်မှု တို့်သည်
အသီးသီး ပျောက်ကွယ်သွားကြပြီးဖြစ်သည်။ ထိုအချိန်လေးတွင် သုညဆိုသည့် စကားလုံးကို ကျွန်တော်အပြည့်အဝ
နားလည်လိုက်ပေသည်။ သုညဟူသည် ဘာမှမရှိခြင်းမဟုတ်ဘဲ ယေရှုကလွှဲပြီး ဘာမှမရှိခြင်းဖြစ်သည်။
FYN Vol.1 No.4
(Dec 20, 2011)
No comments:
Post a Comment