Wednesday, December 19, 2012

The Art of Sacrifice


စွန့်လွှတ်ခြင်း အနုပညာ




အလွန်ပူအိုက်သော၊ အလွန်ကြမ်းတမ်းသောနေ့တစ်နေ့ ကျွန်တော်ရင်ဆိုင်လိုက်ရသည်။ စေတနာ့ဝန်ထမ်းလုပ်ရင်း ဖိနပ်ကြိုးပြတ်သွားသောကြောင့် နေပူပူ၊ ကတ္တရာကုန်သွားသော ကျောက်ခင်းလမ်းပေါ် ခြေဗလာဖြင့်လျှောက်လာသည်။ ၅မိနစ်ခန့်လျှောက်လျှင် ဆိုင်တန်းများရှိသည်။ ဖိနပ်ဆိုင်လည်း ရှိမည်ဟု ကျွန်တော်ယုံကြည်သည်။ ထိုအချိန်တွင် ကျွန်တော်သတိရလိုက်မိသည်။ လွန်ခဲ့သော တစ်ရက်က အဖြစ်အပျက်။
တရားဟောပွဲ တစ်ခုတွင် ဧည့်ကြိုတာဝန်ကို တူညီဝတ်စုံများ ၀တ်ပြီး ကျွန်တော် ပါဝင်ခဲ့ဖူးသည်။ ခန်းမအပြင်ဘက် ညာဘက်ဘေးသို့ ကျွန်တော် ထွက်သွားလိုက်သည့်အချိန်တွင် ကိုရင်လေးတစ်ပါးကို ကျွန်တော်မြင်တွေ့လိုက်ရသည်။ သူကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်သွားသည်။ ကျွန်တော့်ခါးတွင် walkie talkie တစ်လုံးချိတ်ထားသည်။ ထိုစက်မှ နားကြပ်ကြိုးတစ်ချောင်း ကျွန်တော့် ညာဘက်နားတွင် လာတပ်ထားသည်။ စတိုင်ပန် အပြာကို ကျွန်တော်ဝတ်ထားသည်။ ဖိနပ်က အကောင်းမဟုတ်သော်လည်း ခြေထောက်မနာအောင်တော့ သူကာကွယ်ပေးနိုင်သည်။ ထိုကိုရင်လေးနှင့် ကျွန်တော့်တွင် ထူးခြားချက်၊ မတူညီသည့်အချက်တစ်ခုရှိသည်။ ကျွန်တော့်တွင် အဆောင်အယောင်များစွာ ရှိနေသည်။ သူ့တွင် အဆောင်အယောင်များမရှိပေ။ ကျွန်တော့ဆံပင်များကို Code 10 ခေါင်းလိမ်းဆီဖြင့် ပုံစံသွင်းထားသည်။ ကောင်းမွန်သည့် အနံ့ကိုလည်း ထိုခေါင်းလိမ်းဆီက ပေးသေးသည်။ သို့သော် ထို ကိုရင်လေးတွင် Code 10 လိမ်းစရာ ဆံပင်တော့ မရှိပေ။
ကျွန်တော်လည်း သူ့ကိုစူးစူးစိုက်စိုက် ကြည့်နေမိသည်မှာ တစ်ယောက်ကိုတစ်ယောက် ကျော်သွားသည့် အချိန်ထိဖြစ်သည်။ အသိပြန်ဝင်လာတော့ ကျွန်တော့်တွင် အတွေးတစ်ခု ၀င်လာသည်။ ကျွန်တော် သူပေးဆပ်သည့် ထက်ဝက်ခန့်ပင် ဘုရားအတွက် ပေးဆပ်ပါ၏လား။ သူ၏ ထက်ဝက်ခန့်ပင် စွန့်လွှတ်ပါ၏လား။ ကျွန်တော်တို့စွန့်လွှတ်သည့်အရာက အဘယ်အရာများဖြစ်နေပြီလဲ။ မေးခွန်းပေါင်းများစွာ အတွေးပေါင်းများစွာကြားထဲတွင် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မကြာမီ ကျွန်တော်လည်း ကတုံးတုံးမည်။ အကယ်၍ အပြောင် မတုံးနိုင်လျှင်တောင် ကတုံးဆံပေါက်ကေကို ရဲဘော်များကဲ့သို့ ညပ်မည်ဖြစ်သည်။
လူတော်တော်များများက ယောက်ျားမှန်ရင် အလှမကြိုက်တတ်ကြဟု ဆိုတတ်သည်။ သို့သော် အလှကြိုက်သည့် ယောက်ျားများထဲတွင် ကျွန်တော်က ထိပ်ဆုံးဖြစ်သည်။ ကျွန်တော့်ဆံပင်ကေအတွက် တစ်လတွင် အနည်းဆုံးတစ်ခါ ကျွန်တော် စိတ်ညစ်ရသည်။ ကျွန်တော်မွေးလာသည့်အချိန်တွင် ဦးခေါင်းညာဘက်အခြမ်းသည် ပျော့နေပြီး အရိုးလုံးဝမရှိပေ။ ကျွန်တော့်အမေက ကျွန်တော့်ကို မွေးကင်းစအရွယ်ကစပြီး ဆေးတိုက်ခဲ့ရသည်။ ဦးခေါင်းအရိုး ထွက်လာဖို့၊ သို့မဟုတ် ပျော့နေသည့် အရိုးမာလာဖို့ဖြစ်သည်။ မကြာပါ ပုံမှန်အတိုင်း ထိုပျော့နေသည့် နေရာတွင် အရိုးအတိုင်ဖြစ်လာသည်။ သို့သော် ကျွန်တော့်ဦးခေါင်း၏ ထိုညာဘက်ခြမ်းသည် ဘယ်ဘက်ခြမ်းထက် အနည်းငယ် ပို၍ ရှည်ထွက်နေသောကြောင့် ကျွန်တော် ငယ်ငယ်မှစ၍ ဆံပင်ကို တိုတိုမညပ်ရဲပါ။ ထိုဖုနေသည့် ဦးခေါင်းခြမ်းကို လူမမြင်စေလို၍ဖြစ်သည်။ လူတွေ၏ အမြင်တွင် လှနေသူမဖြစ်တောင် ရုပ်ဆိုးနေသူတော့ မဖြစ်လိုဟူသည်မှာ ကျွန်တော့် Philosophy ဖြစ်သည်။ ထိုအတိုင်းလည်း ဆံပင်ပုံစံကို ကျွန်တော်နှင့်အလိုက်ဖက်ဆုံးကို ဆံပင်ညပ်တိုင်း စဉ်းစားရသည်မှာအမော။ ထိုမျှနှင့်မကသေး ကျွန်တော်လိုချင်သည့် ကျွန်တော်နှင့် လိုက်ဖက်မည်ဟု ကျွန်တော်ယုံကြည်သည့် ကေကို ညပ်ပေးနိုင်မည့် ဆိုင်ကိုရှာတွေ့ဖို့ရန် တစ်ဆိုင်ပြီးတစ်ဆိုင် ပြောင်းလာခဲ့သည်မှာ ၁၀ နှစ်ကျော်နေပေပြီ။ သို့သော် ယခုအချိန်ထိ ဖောက်သည်ဆိုင်၊ ပုံမှန်သွားနေကျဆိုင်ဆိုသည်မှာ မရှိသလောက်။ ရှာရှာဖွေဖွေ ကျွန်တော်ကြိုက်သည့် ပုံစံအတိုင်း ညပ်ပေးနိုင်သည့် ဆိုင်တစ်ဆိုင်ကိုတော့ တွေ့ခဲ့ပါသည်။ သို့သော် တတိယအကြိမ်မြောက်သွားသည့်အချိန်တွင် ကျွန်တော်ပုံမှန်ညပ်နေသည့် ဆံပင်ညပ်ဆရာက မညပ်ပေးဘဲ အခြားဆိုင်မှ ခေတ္တရောက်လာသည့် သူ၏ အဖေက ညပ်ပေးသည်။ ဆံပင်ညပ်အပြီး Free Massage Service အဖြစ် ကျွန်တော့်ခေါင်းကိုလှည့်လိုက်သည့်အချိန်တွင် ဂျောက်ခနဲ အသံမြည်ပြီး ကျွန်တော့်လည်ပင်းက အကြောပြတ်သွားသည် ထင်ရလောက်အောင် နာကျင်သွားသည်။ နှစ်ရက်သုံးရက်လောက် ကျွန်တော့်ဦးခေါင်းကို နာနာမလှည့်ရဲလောက်အောင် ဖြစ်သွားသည့်နောက်ပိုင်း ထိုဆိုင်ကိုလည်း အကြောက်ကြီးကြောက်ခဲ့ရပြီး ဘယ်တော့မှ မသွားဖြစ်တော့ပေ။
မိတ်ဆွေ လောကအရာတွေက ကျွန်တော်တို့ကို မည်သို့ဖြစ်စေနေသလဲ။ မိတ်ဆွေ စဉ်းစားဖူးပါသလား။ ကျွန်တော့်ခန္တာကိုယ်ပေါ်က ဆံပင်ကို ကျွန်တော် ဂရုစိုက်ရမည်တော့မှန်ပါသည်။ ကျွန်တော် နည်းနည်းများ ပိုဂရုစိုက်ဖြစ်နေလား။ ကျွန်တော်တို့ဆံပင် လှပဖို့ကျွန်တော်တို့ စဉ်းစားချိန်ရှိသည်။ သို့သော် ဘုရားမြတ်၏ ရှေ့တော်၌ မိမိကိုယ်ကိုယ် တင်လှူပူဇော်ချိန်တွင် ကျွန်တော်တို့ နှလုံးသား၊ ကျွန်တော်တို့ စိတ်ကူး၊ ကျွန်တော်တို့အတွေးအခေါ်များ၏ သန့်ရှင်းခြင်းကို ကျွန်တော်တို့ မည်မျှ စဉ်းစားဖူးပါသလဲ။ သို့မဟုတ် ထိုအရာတွေက ကျွန်တော်တို့အတွက် ပိုအရေးကြီးပြီး ဘုရားအရာတွေက ယေရှုခရစ်အားဖြင့် Automatic အမြဲတမ်းအချိန်တိုင်း ပြည့်စုံနေပြီလား။
ကျွန်တော် ထိုသို့ ဆံပင်ကို တိုတိုညပ်ဖို့ရန် စိတ်ပိုင်းဖြတ်လိုက်သည့် အချိန်တွင် ကျွန်တော့်အသက်တာထဲရှိ ၀န်တစ်ခု လျော့ကျသွားသလို ကျွန်တော်ခံစားလိုက်ရသည်။ အမှန်ပါ မိတ်ဆွေ။ ဘုရားက ကျွန်တော်တို့အသက်တာထဲရှိ ၀န်ထုပ်တွေကို တစ်ခုပြီးတစ်ခု ချဖို့ရန် သွန်သင်နေသည်မှာ သူ၏ပြေးလမ်းထဲတွင် သွက်လက်စွာ၊ ၀န်ထုပ်ကင်းမဲ့စွာဖြင့် ဖြတ်ဖြတ်လတ်လတ် ပြေးပြီး အမြန်ဆုံး ပန်းတိုင်ကို ရောက်စေလိုသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်တော်တို့က လောကအရာများကို ဖက်တွယ်ထားပြီး သတိပင်မထားမိလိုက်ပါ။ ကျွန်တော် ကတုံးတုံးလိုက်သည်ဖြစ်စေ၊ ရဲဘော်ကေ ညပ်လိုက်သည်ဖြစ်စေ ကျွန်တော့်အတွက် မည်သည့် အကျိုးများ ရှိပါသလဲ။ အကျိုးများလိုက်ပါဘိ မိတ်ဆွေ။ Shampoo သုံးစရာမလိုတော့ပါ။ Code 10 တစ်ဗူးကို ထောင်ကျော်ပေးဝယ်စရာ မလိုတော့ပါ။ မှန်ကြည့်ပြီး ဆံပင်ဖြီးစရာမလိုတော့ပါ။ အဓိကအားဖြင့်တော့ ကျွန်တော် ဆံပင်ကေအပေါ် အာရုံစိုက်မှုက လျော့ကျသွားပေလိမ့်မည်။ 
သို့သော် ထိုနေ့က အတွေ့အကြုံက နောက်နေ့များဆီသို့ ထပ်မံ ကူးစက်သွားခဲ့သည်။ ကျွန်တော် ခြေဗလာဖြင့် ကျောက်ခဲခင်းထားသည့် လမ်းထဲ လျှောက်သွားနေချိန်တွင် နာကျင်လွန်းလှသည်။ ပူပြင်းသည့်နေ၊ ပူကျစ်တောက်နေသည့် ကျောက်ချွန်ချွန်များက ကျွန်တော့ ခြေဖ၀ါးကို ဖောက်ဝင်သွားပြီဟုပင် ထင်ရအောင် နာကျင်လွန်းလှသည်။ ထိုအချိန်လေးတွင် ဖိနပ်မစီးထားသည့် ကိုရင်လေး၏ မျက်နှာကို ကျွန်တော်ပြန်မြင်ယောင်လာသည်။ ကျွန်တော့်နှလုံးသားထဲ တိုးညင်းသော အသံတစ်ခုက စကားပြောလာသည်။ ကျွန်တော့်ရင်ထဲ ဆို့နင့်သွားသည်။ ကျွန်တော် မျက်ရည်ဝဲလာသည်။ ထိုစကားကို ကျွန်တော် သေချာတော့မကြားရပေ။ သို့သော် နှလုံးသားက ခံစားရသည်။ ကျွန်တော် အလွန်ခံစားရသည်။ ကျွန်တော်အလွန် ၀မ်းနည်းသွားသည်။ ခြေဖ၀ါးနာ၍ မဟုတ်ပါ။ ၀ိညာဉ်တော်က ကျွန်တော့်ကို တို့ထိပြီး တစ်စုံတစ်ခုကို ခံစားစေသည်ဟု ကျွန်တော် နားလည်သည်။ သို့သော် ဘာကိုခံစားစေသည်ကိုတော့ အတိအကျ ကျွန်တော်မသိပါ။
ကိုရင်လေးတစ်ပါးအနေဖြင့် သူ၏ယုံကြည်မှုအတွက် ပေးဆပ်မှုက မသေးပါ။ မိတ်ဆွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ငါဘုရားအတွက် ဘယ်လောက်ပေးဆပ်ပြီးပြီလဲ။ သေချာပါသည်မိတ်ဆွေ။ မိတ်ဆွေအတွက်တော့ ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ဘုရားအတွက် ဘာဆိုဘာမျှ မပေးဆပ်ရသေးပါ။ ကျွန်တော်ကားတိုင်လမ်းကို  လုံးဝမလျှောက်ရသေးပါ။ ကျွန်တော်တို့က အေးဆေးငြိမ်းချမ်းပြီး သက်တောင့်သက်တာရှိသည့် ဘ၀ကိုတော့ လိုချင်သည်။ သို့သော် ကျွန်တော်တို့ဘက်က ဘာပေးဆပ်မှုမှ မရှိသေးသည့်အတွက် ဘုရားက ကျွန်တော်တို့ကို ကောင်းကြီးမပေးရဲပါ။ ထိုသို့ပြောသောကြောင့် ကျွန်တော်တို့ကို ဘုရားသခင်က ယေရှုလျှောက်ခဲ့သည့် ကားတိုင်လမ်းကို ပြန်လျှောက်ရန် အလိုတော် ရှိသည်ဟု ကျွန်တော် ပြောလိုသည်မဟုတ်။ သို့သော် ကိုယ်တော်က ကားတိုင်ပေါ်တက်ပါ ဆိုလျှင် တက်ဖို့အဆင်သင့်ရှိသည့် စိတ်ထားကိုသာ ဘုရားက လိုလားသည်။ ဘုရားက ထိုစိတ်ထားရှိသူကိုသာ ကောင်းကြီးပေးနိုင်သည်။ ဘုရားက သေရဲသောသူတိုင်းကို အလိုမရှိပါ။ သို့သော် သူ့အတွက်၊ သူခိုင်းလျှင် သေးမင်းလွှမ်းမိုးရာ ချိုင့်ထဲသို့ ဒံယေလနှင့် သူ၏သူငယ်ချင်းများကဲ့သို့ သွားရဲသောသူကိုသာ အလိုရှိသည်။
သတိထားပါ မိတ်ဆွေ။ လောကအရာများနှင့် လောကအရာများ၏ ဆွဲဆောင်မှုက ကျွန်တော်တို့ကို ဖမ်းစားထားသည်၊ ဖမ်းချုပ်ထားသည်။ ကျွန်တော်တို့ ဘုရားအတွက် အားလုံးကို မပေးဆပ်ရဲအောင် လောကစွဲလမ်းခြင်းများက တားဆီးထားပေသည်။ ထို့ကြောင့် ဘုရားက ကျွန်တော်တို့၏ ဘုရားလေးများဖြစ်သည့် ဘုရားမှလွှဲပြီး အခြားစွဲလမ်းသော လောကအရာများကို ဖွင့်ပြလာခဲ့ပါလျှင် ချက်ချင်း စွန့်လွှတ်ပါ။ ထိုနောက်တွင် ဘုရား၏ကောင်းကြီးများ ရှိနေပါသည်။ ဘုရား၏ကောင်းကြီးများက ကောင်းကင်တံခါးမှ ကျဆင်းလာပြီး မိတ်ဆွေ၏ ရွေးချယ်မှုအပေါ် မူတည်ပြီး မိတ်ဆွေထံရောက်ရှိလာနိုင်သကဲ့သို့ မရောက်အောင် ဟန့်တားနိုင်သည့် တစ်ဦးတည်းသောသူက မိတ်ဆွေပင် ဖြစ်ပါသည်။

မေတ္တာဖြင့် ပေါလူ

No comments:

Post a Comment