Wednesday, December 19, 2012

LifeMarathon


ဘ၀မာရသွန်



ဒိုင်း . . .
ဘ၀မာရသွန်ပြေးပွဲကြီး စတင်ပါတော့သည်။ မြောက်များလှစွာသော လူငယ်၊ လူကြီး၊ ယောက်ျား၊ မိန်းမတို့သည် တာထွက်မှ စတင်ပြေးထွက်လာကြသည်။ ပန်းတိုင်သို့ အရောက်ပြေးမည့် တက်ကြွမှု၊ စိတ်ချမှုက သူတို့ မျက်နှာတွင် ထင်ဟပ်နေသည်။ ထိုအထဲတွင် ဂျယ်ရီဆိုသည့် လူငယ်လည်း အပါအ၀င်ဖြစ်သည်။
တစ်နာရီခန့် ပြေးပြီးသော် ဂျယ်ရီမှာ ပင်ပန်းနွမ်းနယ်လာသည်။ ထိုစဉ် ပြေးလမ်း၏ ဘေးနားမှ ခြုံကြားမှ လူတစ်ယောက်ထွက်လာပြီး သူ့ကို ပြောသည်။
''မင်း နောက်ကောက်ကျတော့မယ်။ လာခဲ့ ဒီမှာ ဖြတ်လမ်းရှိတယ်။'' ဟုဆို၍ လမ်းသွယ်လေးတစ်ခုကို ပြသည်။ ထိုလမ်း၏ အ၀င်ဝတွင် ''သတိ အန္တရာယ်ရှိသည်'' ဟူသည့် ဆိုင်းဘုတ်တစ်ခု ထိုးထားသည်။
''ဒါပေမယ့် ဒီမှာ သတိထားတယ်လေ''
''ရပါတယ်။ အဲဒါ အလကားပါ။ မင်း ခြေလှမ်းတွေကိုသာ သတိထား အဲဒါဆိုဘာမှမဖြစ်ဘူး။ ငါ့ကိုသာ ယုံလိုက်ပါကွာ။''
''ဟုတ်ပြီလေ အဲဒါဆိုကျွန်တော် ဒီလမ်းကို သွားကြည့်လိုက်မယ်။''
သို့နှင့် ဂျယ်ရီတစ်ယောက် ထိုလူကြီးလမ်းပြပေးသည့် အန္တရာယ်ရှိသည်ဟု ဆိုင်းဘုတ်ထောင်ထားသည့် လမ်းကြားလေးထဲသို့ ၀င်ရောက်လာခဲ့တော့သည်။ အစပိုင်းက လုံးဝအဆင်ပြေသည်။ သို့သော် မိနစ်အနည်းငယ်အကြာမှာတော့ သူမှားသွားမှန်း သိလိုက်ရသည်။
''တောက် . . ငါဒီလမ်းကို မလာခဲ့မိရင်အကောင်းသား''
လမ်းမှာ ဆူးညောင့်များ၊ ခလုတ်များ၊ ချိုင့်ခွက်များအပြည့်ဖြစ်နေသည်။ သူမည်သို့မျှ ဆက်မပြေးနိုင်အောင်ဖြစ်နေသည်။ ခြေလှမ်းများကို သတိကြီးစွာထား၍ လှမ်းနေရသည်။ မကြာလိုက်ပါ။ သူခလုတ်တိုက်၍ ဗွက်အိုင်ထဲသို့ လဲကျသွားသည်။
''အဆင်ပြေလား''
သူလဲကျသွားသည့် အနားတွင် သစ်ပင်တစ်ပင်ကို မှီလျက် စိတ်ပျက်လက်ပျက် ထိုင်နေသာ အပြေးသမားတစ်ယောက်က သူ့ကို လှမ်းမေးလိုက်သည်။
''အဆင်ပြေပါတယ်။ မင်းကကော ဘယ်လိုဖြစ်တာလဲ။''
ထိုလူက စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။
''ငါခဏခဏ လဲကျနေတာ အကြိမ်မရေမတွက်နိုင်အောင်ပဲ။ ပြန်ထပြီး ပြေးဖို့ကို ငါ့မှာအား လုံးဝမရှိတော့ဘူး။''
သူတို့နှစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ် အစီအစဉ်မှူး ရဟတ်ယာဉ်နှင့် ရောက်လာပြီး ရဟတ်ယာဉ်ပေါ်မှ အော်၍မေးသည်။
''ဟေး မင်းတို့အခုအချိန်မှာ ပြေးနေရမှာမဟုတ်ဘူးလား။ ဘာထိုင်လုပ်နေကြတာလဲ။''
''ကျွန်တော်ခဏခဏ ခြေချော်လဲကျရတာ အရမ်းစိတ်ပျက်နေပြီ။ ဘယ်လိုမှ ပန်းတိုင်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။''
အစီအစဉ်မှူးက ပြန်ပြောသည်။
''အေး မင်းတို့အဲဒီလို ထိုင်နေလို့ကတော့ ပန်းတိုင်ကို ဘယ်တော့မှရောက်မှာမဟုတ်ဘူး။ မင်းတို့ လဲကျသွားရင် ပြန်ထပြီး ဆက်ပြေးပေါ့။ လုံးဝလက်မလျှော့နဲ့။ အားတင်းထားကြစမ်းပါ။''
ဂျယ်ရီလည်း အားပြန်တက်သွားပြီး သူ၏မိတ်ဆွေကို အားပေးသည်။
''ဟုတ်တယ်။ သူပြောတာမှန်တယ် သူငယ်ချင်း။ ငါတို့ဆက်သွားရအောင်''
သို့သော် ထိုလူက မှုန်ကုပ်ကုပ်မျက်နှာဖြင့်
''မင်းပဲသွားနှင့်တော့။ ငါတော့ အရမ်းပင်ပန်းနေပြီ။''
သို့နှင့် ဂျယ်ရီလည်း ထိုသူကိုနှုတ်ဆက်ပြီး ထိုနေရာမှ ထွက်လာသည်။
''ပန်းတိုင်မှာ ငါတို့ပြန်တွေ့ကြရအောင်လေ။''
မိနစ်အနည်းငယ်အကြာတွင် ထိုကြမ်းတမ်း၍ ခြုံနွယ်ပိတ်ပေါင်း ထူထပ်လှသည့် ဖြတ်လမ်းမှ ဂျယ်ရီလွတ်မြောက်လာပြီး ပြေးလမ်းပေါ်သို့ ပြန်ရောက်လာသည်။
''ဟူး ... တော်သေးတယ် အဲဒီအထဲက လွှတ်လာလို့''
သက်ပြင်းချရင်း ရှေ့သို့ဆက်ပြေးလာစဉ် သူငယ်ချင်းဖြစ်သူ တွမ်ကို တွေ့လိုက်သည်။
''တွမ် မင်းလည်း ဒီပြိုင်ပွဲမှာ ၀င်ပြိုင်နေတာလား''
''ဟား . . ဂျယ်ရီ မင်းကိုတွေ့ရတာ ၀မ်းသာလိုက်တာ။ ငါက အခုမှစပြေးတာဆိုတော့ မင်းငါ့ကို ကူညီနိုင်မလား။ ငါ့ကို နည်းပေးလမ်းပြပေးမယ့် လူတစ်ယောက်လိုနေလို့။''
''အေး .. စိတ်ချ ငါကူညီပေးမယ်။''
နာရီအနည်းငယ်ခန့် တွမ်နှင့် ဂျယ်ရီ အတူသွားပြီးနောက် လမ်းဘေးဘက်တွင် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။ အချိုရည်၊ အအေးနှင့် အားဖြည့်ရည်တို့ ရောင်းသည့်ဆိုင်တစ်ဆိုင်ဖြစ်သည်။
''လာကြပါ။ ဒီမှာ လန်းဆန်းစေမယ့် အချိုရည်တွေရမယ်။''
ဂျယ်ရီက အချိုရည်ရောင်းနေသည့် လူမှာ သူ့ကို လှမ်းမှားဖြစ်သည့် ဖြတ်လမ်းသို့ လမ်းညွှန်လိုက်သော လူကြီးဖြစ်ကြောင်း တွေ့လိုက်သည်။
''တွမ် မသွားနဲ့။ သူကလူလိမ်။''
''ကိစ္စမရှိပါဘူး။ ငါ ဖြေရှင်းနိုင်ပါတယ်။''
အချိုရည်စင်ပေါ်တွင် တင်ထားသည့် အရည်တစ်ခုကို တွမ်ကမျက်စိကျသွားသည်။
''ဒီ ဘူးလေးကမဆိုးဘူး။ ကျွန်တော့်ကို ဒါတစ်ဘူးပေးပါ။''
''တစ်ဘူးထဲလား။ နှစ်ဘူးလောက်ယူပါ။''
တွမ်က ထိုအချိုရည်နှစ်ဘူးလုံးကို တစ်ထိုင်တည်း မော့သောက်လိုက်သည်။ ဂျယ်ရီက စိုးရိမ်စွာဖြင့် တွမ့်ကို သတိပေးသည်။
''တွမ် . . မင်းသောက်တာ များနေပြီ။ တော်လောက်ပြီ ငါတို့ဆက်သွားရအောင်''
တွမ်ကတော့ ဂျယ်ရီ့ကို သတိပင်မရတော့။
''တော်တော်ကောင်းတယ် နေသာထိုင်သာရှိသွားတာပဲ။''
''နည်းနည်း အကြောပြေသွားအောင် ဒီမှာတစ်ခါတည်း အနှိပ်ခံလို့ရတယ်နော်''
သို့နှင့် တွမ်မှာ ထိုလူကြီး၏ ဆွဲဆောင်မှုနောက် တစ်ကောက်ကောက်ပါအောင် လိုက်သွားပြီး အနှိပ်ခန်းထဲတွင် ကျေနပ်စွာအနှိပ်ခံနေသည်။
ဂျယ်ရီက ထပ်မံသတိပေး၍ ခေါ်သည်။
''တွမ် . . ငါတို့ တကယ်အခုသွားကြရအောင်။''
တွမ်ကမူ အနှိပ်ခံ၍ ဇိမ်ကျနေသည်။
''မင်းသွားနှင့်တော့ ဂျယ်ရီ။ ငါတော့ ဒီမှာခဏလောက် အနားယူလိုက်ဦးမယ်။''
ဂျယ်ရီလည်း တွမ့်ကို လှည့်လှည့်ကြည့်ပြီး စိတ်မသာမယာနှင့် ထွက်လာစဉ် တစ်စုံတစ်ခုကို ၀င်တိုက်မိလိုက်သည်။ သူတိုက်မိလိုက်သည်မှာ လူသန်ကြီးဖြစ်သည်။ သူက လူသန်ကြီးကိုမေးသည်။
''လူသန်ကြီး မင်းသွားနေတာ ပြောင်းပြန်ကြီး။ ရှေ့ဆက်သွားရမှာလေ ဘာလို့နောက်ပြန်လှည့်လာတာလဲ။''
''ငါတော့ ဒီတစ်ခေါက် မပြိုင်ဖြစ်တော့ဘူး။ လေ့ကျင့်ခန်း နည်းနည်းလောက်ပြန်ယူပြီး ခန္တာကိုယ် ကြံ့ခိုင်ဖို့ ပြန်လုပ်ရမယ်ထင်တယ်။''
''လူသန်ကြီး မင်းဘာတွေပြောနေတာလဲ။ ငါသိသမျှ လူတွေထဲမှာ မင်းဟာ အားအသန်ဆုံးဘဲ။ မင်းဘာပြင်ဆင်မှုမှ ထပ်ယူဖို့မလိုပါဘူး။''
''ငါလိုတယ်။ သွားပြီ။ ငါ့ကိုမနှောင့်ယှက်တော့နဲ့ကွာ''
ဂျယ်ရီမှာ နောက်ကြောင်းပြန်လှည့်သွားသော လူသန်ကြီးကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရုံမှလွှဲ၍ ဘာမျှမတတ်နိုင်တော့ပေ။
စိတ်ပျက်စွာဖြင့် ဆက်လျှောက်လာစဉ် အနောက်မှ ခြေသံများကို ကြားလိုက်ရသည်။
''လီ . .''
လီနှင့်အတူ အမျိုးသမီးတစ်ဦးပါ ပါလာလေသည်။
''မင်းအဆင်ပြေရဲ့လား ဂျယ်ရီ''
''အဆင်ပြေပါတယ်ကွာ''
''အေး ဒါနဲ့ မင်းကိုမိတ်ဆက်ပေးရဦးမယ်။ သူ့နာမည်က အီမလီလို့ခေါ်တယ်။ ငါတို့ ဒီပြိုင်ပွဲမှာတွေ့ကြတာလေ။''
လီက ထိုအမျိုးသမီးနှင့် သူ့ကိုမိတ်ဆက်ပေးသည်။ အီမလီက သူ့ကိုနှုတ်ဆက်သည်။
''ဟိုင်း ဂျယ်ရီ တွေ့ရတာ ၀မ်းသာပါတယ်။''
''ပန်းတိုင်မှာ ပြန်တွေ့ကြတာပေါ့''
လီက သူ့ကိုနှုတ်ဆက်ပြီး နှစ်ယောက်သား ထွက်သွားကြသည်။
''ငါ့မှာလည်း သူ့လို အတူတူပြေးနိုင်မယ့် ပြေးဖော်တစ်ယောက်လောက် ရှိရင် သိပ်ကောင်းမှာဘဲ။'' ဟု ဂျယ်ရီတစ်ယောက် တွေးနေမိသည်။ ထိုစဉ် သူ့အနားမှ အမျိုးသမီးတစ်ယောက် ဖြတ်ပြေးသွားသည်။ ဂျယ်ရီက သူမဆီသို့သွား၍ သူ့ကိုယ်သူမိတ်ဆက်သည်။
''ဟိုင်း ကျွန်တော့်နာမည် ဂျယ်ရီပါ။ အမ် . . ကျွန်တော်တို့ အတူပြေးလို့ရမလား။''
ထိုအမျိုးသမီးက ပြတ်ပြတ်ပင် ပြန်ဖြေသည်။
''ဆောရီးပါ ကျွန်မက တစ်ယောက်တည်း ပြေးရတာကို ပိုနှစ်သက်တယ်။''
သူမ သူ့ကိုနှုတ်ဆက်ပြီး ပြေးလမ်းကို ဆက်ပြေးသွားသည်။ တဖြည်းဖြည်းနှင့် သူစိတ်ဓာတ်ကျလာသည်။ ၀မ်းနည်းလာသည်။ သို့နှင့် ရှိုက်ကြီးတငင် ငိုကြွေးပြီး ဆက်လျှောက်လာစဉ် ခလုတ်တိုက်မိပြီး လဲကျသွားသည်။ ၀မ်းနည်းမှုနှင့် နာကျင်မှုနှစ်ခုပေါင်းသွားပြီး စိတ်အလိုမကျမှုနှင့် ဒေါသက အထွတ်အထိပ်သို့ရောက်လာသည်။ ရင်ဘတ်တွင် ကပ်ထားသည့် နံပါတ်စာရွက်ကို ဆွဲဖြဲပြီး ချေမွှပစ်လိုက်သည်။ နောက်ကြောင်းပြန်လှည့်ပြီး ထွက်လာသည်။ ထိုစဉ် အစီအစဉ်မှူးမှာ သူ၏ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဂျယ်ရီ့ကို လှမ်းခေါ်သည်။
''ဂျယ်ရီ မင်းဘာလို့ နောက်ကြောင်း ပြန်လှည့်နေတာလဲ''
''ဒီမာရသွန်ပြေးပွဲက အရမ်းခက်တယ်။ ပြိုင်ပွဲဝင်တွေ အများကြီးလည်း လက်လျှော့သွားကြပြီ။ ကြည့် အခုဆို ဘယ်လောက်တောင် တိတ်ဆိတ်နေလဲ။ ပြီးတော့ ဆက်ပြေးနေတဲ့သူတွေကလဲ ကျွန်တော့်ရဲ့ အဝေးကြီးကိုရောက်သွားကြပြီ။ အခု ကျွန်တော်တစ်ယောက်တည်း ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကကျနေပြီ။''
ထိုအခိုက်အတန့်လေးတွင် အစီအစဉ်မှူးက ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလာသည်။
''ငါမင်းကို ကူညီမယ်။''
''အဲဒါမျိုးလုပ်လို့ရလို့လား''
''ရပါတယ် မင်းငါ့နောက်ကသာ၊ ငါ့ခြေလှမ်းအတိုင်း ထပ်ကြပ်မခွာ လိုက်လာခဲ့။ ဒါဆို မင်းမသိလိုက်တဲ့အချိန်မှာ ပန်းတိုင်ကို ရောက်သွားလိမ့်မယ်။''
ဂျယ်ရီ အားတက်သွားသည်။ အစပိုင်းတွင်တော့ အစီအစဉ်မှူး၏ ခြေလှမ်းအတိုင်းလိုက်သည်။ သို့သော် စိတ်တက်ကြွမှုကြောင့် သူ၏ခြေလှမ်းများက ပိုမိုမြန်ဆန်သွားသည်။ လူကြီးက နောက်မှာကျန်ခဲ့ပြီး သူ့ကိုအော်ခေါ်သည်။
''ဂျယ်ရီ မင်းအဲဒီလောက်မြန်မြန်ကြီးမပြေးနဲ့လေ။ ခဏလေးနဲ့ အမောဖောက်သွာလိမ့်မယ်။''
ဂျယ်ရီမှာ လူကြီး၏အသံကိုပင် မကြားနိုင်တော့ပါ။ အတန်ငယ်ကြာသော ဂျယ်ရီမောလာသည်။ ပင်ပန်းလွန်း၍ ဆက်မပြေးနိုင်အောင် ဖြစ်သွားသည်။ လူကြီးက နောက်မှရောက်လာသည်။
''မင်းကိုငါ သယ်သွားပေးမယ်။''
ပြောပြောဆိုဆို ဂျယ်ရီ့ကို ကုန်းပိုးပြီး ခေါ်ဆောင်သွားသည်။ အတန်ငယ်ကြာသော်
''အခု ကျွန်တော် ဆက်ပြေးလို့ရမယ်ထင်တယ်။''
လူကြီးက ဂျယ်ရီ့ကို အောက်ချပေးလိုက်သည်။
''ငါပြောထားတာ မမေ့ဘူးမဟုတ်လား။''
''ဦး ခြေလှမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်လာဖို့မဟုတ်လား။''
''ဟုတ်ပြီ ဒါဆို အခုကစပြီး ဖြေးဖြေးနဲ့ မှန်မှန် သွားကြရအောင်။''
အစီအစဉ်မှူး၏ ခြေလှမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်ပြေးရင်း သူမသိလိုက်သည့်အချိန်တွင် ဂျယ်ရီတစ်ယောက် ပန်းတိုင်သို့ရောက်သွားတော့သည်။ အစီအစဉ်မှူးက သူပြင်ဆင်ထားသော ဒိုင်းကို ဂျယ်ရီ့အားပေးလိုက်ရသည်။
''ရော့ ဒါကတော့ ဒီမာရသွန်ပြေးပွဲကို အောင်အောင်မြင်မြင် ပြေးနိုင်ခဲ့လို့ ဂုဏ်ပြုတာပါ။''
''ဦးသာမကူညီရင် ကျွန်တော်လုံးဝရောက်မှမဟုတ်ဘူး။ ကျွန်တော်တကယ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။''

မိတ်ဆွေ သင်လည်း အပြစ်ထဲမှာ အကြိမ်ကြိမ် လဲကျပြီး ပြန်မထချင်တော့လောက်အောင် မောပန်းနေပြီလား။ သင် ပြုစုပျိုးထောင်ပေးနေတဲ့ တစ်စုံတစ်ယောက်က စုံစမ်းသွေးဆောင်ခံရပြီး ခရစ်ယာန် အသက်ရှင်နေထိုင်မှုကနေ အနားယူသွားလို့ စိတ်ဓာတ်ကျနေလား။ ဒါမှမဟုတ် သင်အထင်ကြီးလေးစားပြီး စံနမူနာယူနေတဲ့ ပုဂ္ဂိုလ်က ရုတ်တရက် သူ့ကိုသူ သိပ်မကောင်းနိုင်သေးဘူးဆိုပြီး ဆုံးဖြတ်လိုက်ရင် သင်ဘယ်လို ခံစားရမလဲ။
စိတ်ဓာတ်မကျပါနဲ့။ ဘုရားသခင်က ဟေဗြဲ ၁၃း၅ မှာ ''ငါသည် သင့်ကိုမစွန့်၊ အလျှင်းပစ်၍မထား'' လို့ ဂတိတော်ရှိထားပါတယ်။ သင်ဘာတွေကြုံတွေ့နေရတယ်ဆိုတာကို အားလုံး ဘုရားသခင်က သိနေပါတယ်။ ပြီးတော့ သင့်ဘ၀ရဲ့ ခြေလှမ်းတိုင်းမှာ သူဟာ သင်နှင့်အတူ အမြဲတမ်းအတူပါရှိတယ်။ တစ်ခါတစ်လေ သူသင့်ကိုချီပိုးပြီး သွားတဲ့အချိန်တွေလည်း ရှိပါတယ်။
ခရစ်ယာန်အသက်တာဆိုတာ လွယ်ကူတဲ့ ပြေးလမ်း၊ လွယ်ကူတဲ့ ပြေးပွဲတစ်ခုတော့ မဟုတ်ပါဘူး။ လမ်းတစ်လျှောက်မှာ ဆူးညောင့်၊ ခလုတ်တွေ၊ ဆွဲဆောင်မှုတွေနဲ့ စိတ်ဓာတ်ကျ၊ စိတ်ပျက်စရာတွေတော့ ကြုံတွေ့ရမှာပါ။ ဒါပေမယ့် ပန်းတုံးတိုင်ကို ရောက်သွားတဲ့သူအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်က စောင့်ကြိုနေမှာပါ။
ပေါလုက ၂တိ ၄း၇ - ၈ မှာ ''ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်တော်မူသော သူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။''
ဒါကြောင့် ကျွန်တော်တို့ကို ယုံကြည်ခြင်းပေးပြီး စုံလင်စေတဲ့အရှင် ယေရှုကိုသာ စေ့စေ့မျှော်ကြည့်ပြီး ပြေးလမ်းကို အဆုံးထိတိုင် ဆက်ပြေးကြပါစို့။

YMI Blogging

No comments:

Post a Comment