မဿဲ ၄း၎ ''ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ
အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ (Rhema) အားဖြင့်အသက်ကိုမွေးရမည်
ကျမ်းစာ (Logos) လာသည်ဟု ပြန်ပြောတော်မူ၏။''
ယနေ့ခရစ်ယာန်အများစုသည်
ကျမ်းစာကို အထူးအလေးထားလာကြသည်။ အထူးသဖြင့် လူငယ်များသည် ကျမ်းစာကို ပိုမိုသိလိုပြီး
ကျမ်းစာကျောင်းများ တက်ရောက်ကာ ဘွဲ့ပညာယူလာကြသည်။ အပတ်စဉ်လည်း လူငယ်ဝတ်ပြု အစည်းအဝေးများ၌
ကျမ်းစာလေ့လာခြင်းအစီအစဉ် (Bible Study) များလုပ်လာကြသည်။ ထို့ကြောင့် လူငယ်များကြား၌
ကျမ်းစာကိုအထူးအလေးပေးလာကြကြောင်း တွေ့ရသည်။ သို့သော် လူငယ်အများစုသည် နှုတ်ကပတ်တော်
နှစ်မျိုးရှိကြောင်း မသိကြပေ။ ထို (၂) မျိုးသည် Logos (ရေးသားသောစာ) နှင့် Rhema (အသက်ရှင်သောစာ) ဟူ၍ ဖြစ်သည်။ ထို့ကြောင့် Logos
နှင့် Rhema အကြောင်းကို အနည်းငယ် ရှင်းပြလိုပါသည်။
''Logos'' ဆိုသည်မှာ ရေးသားထားသော ကျမ်းစာတစ်အုပ်လုံးဖြစ်သည်။
တနည်းအားဖြင့် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ စမ္မဟောင်း၊ ဓမ္မသစ် ၆၆ ကျမ်းအားလုံးသည်
အစမှအဆုံး နှုတ်ကပတ်တော် (Logos) ဖြစ်သည်။ ကျမ်းစာကို
သမိုင်း၊ စာပေ၊ ရသ အရ လေ့လာခြင်းသည် Logos
ကို သင်ယူနေခြင်းဖြစ်သည်။ သို့သော် Logos
သည် စာသက်သက်ဖြစ်သောကြောင့် အသက်မရှင်၊ တန်ခိုးမပါ၊ မထိရောက်ပါ။ အကြောင်းကား၊
ဝိညာဉ်တော်မှတစ်ဆင့် တိုက်ရိုက်ဖွင့်ပြမှု မရှိသောကြောင့်ဖြစ်သည်။
''
Rhema'' ဆိုသည်မှာ ဘုရားသခင်၏ မျက်မှောက်ကာလအတွက်၊ ယခုအချိန်အခါအတွက် ဖော်ပြပေးသည့်၊
ပြောနေသည့် လတ်ဆတ်၍ အသက်ရှင်သော စကားတော်ဖြစ်သည်။ ဘုရားသခင်သည် စကားလုံးလေးများ၊ ကျမ်းပိုဒ်လေးများ
အားဖြင့် ခွန်အားပေး စကားပြောသောအရာ ဖြစ်သည်။ ယနေ့ ပဋိညာဉ်တရားသစ်၌ ဘုရားသခင်သည် သူ၏သားသမီးများဖြစ်သော
သင်နှင့်ကျွန်ုပ်ကို နေ့ရက်စဉ်တိုင်း တိုက်ရိုက်စကားပြောနေပါသည်။ စကားပြောသည်ဆိုရာ၌
မိမိ၏ အတွင်းဝိညာဉ်မှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စကားပြောခြင်းဖြစ်သည်။ ကျမ်းပိုဒ်အားဖြင့်သော်လည်းကောင်း၊ စကားလုံးအားဖြင့်သော်လည်းကောင်း
အတွင်းဝိညာဉ်မှ ပြောသောအရာသည် Rhema ဖြစ်ပါသည်။ ထိုစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စစ်စစ်ဖြစ်ပြီး
အသက်ရှင်၍၊ တန်ခိုးနှင့်ပြည့်စုံကာ အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သည်။ ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်
Rhema သည် တောင်များကိုပင် ရွှေ့နိုင်လောက်အောင် အတိုင်းထက်အလွန် စွမ်းအားကြီးမားပေသည်။
အထက်တွင်ဖော်ပြပြီးသည့်အတိုင်း
သခင်ယေရှုက ''လူသည်မုန့်အားဖြင့် အသက်မရှင်ရ၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်''
ဟု ဆိုသောအခါ ''ျွ့နာေ''ကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့ကြောင့် နေ့ရက်စဉ်တိုင်း အသက်ရှင်သန်မှုအတွက်
အစာစားရန်လိုအပ်သကဲ့သို့၊ နေ့ရက်တိုင်းအတွက် Rhema လိုအပ်လှပါသည်။ Logos ကိုသာသိပြီး Rhema မရှိလျှင် အချည်းနှီးပင်ဖြစ်သည်။
အသက်မရှင်နိုင်ပါ။ တန်ခိုးနှင့်ပြည့်ဝခြင်းလည်း ရှိနိုင်မည်မဟုတ်ပါ။ စွမ်းအားကြီးမားသော
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဝိညာဉ်တော်၏ဖွင့်ပြခြင်း (သို့) Rhema ရှိမှသာလျှင် ရနိုင်ပါသည်။
ထိုသို့ဆိုရာတွင် Rhema ကိုသာ အလေးပေးပြီး Logos ကို ဂရုမစိုက်ခြင်း၊ အလေးမထားခြင်း၊
မထီမဲ့မြင်ပြုခြင်းမဟုတ်ပါ။ အကြောင်းမှာ Logos များများသိလေ၊ Rhema ကိုလည်း သဘောပေါက်လွယ်ပြီး
ရလွယ်လေဖြစ်သည်။ ထို့ကြောင့် Logosနှင့် Rhema သည် ယှဉ်တွဲလျက်နေပါသည်။
Logos
သည် ကုန်ကြမ်းပစ္စည်းနှင့်တူပြီး Rhema သည် ကုန်ချောနှင့်တူသည်။ ကုန်ကြမ်းမရှိဘဲ ကုန်ချောမဖြစ်နိုင်သကဲ့သို့
Logos မရှိဘဲ Rhema များစွာ ရရှိလာနိုင်မည် မဟုတ်ပါ။ ဥပမာအနေနှင့် ရှင်းပြရလျှင် ကျွန်ုပ်တို့ငယ်ငယ်ကတည်းက
ယော ၃း၁၆ ကို အလွတ်ကျက်မှတ်ထားကြသည်။ တနည်းဆိုရသော် Logos ကို အလွတ်ကျက်မှတ်ခြင်းဖြစ်သည်။
သို့သော် ထိုကျမ်းစာကို အခါတစ်ရာ၊ အခါတစ်ထောင် ရွတ်ဆိုခြင်းက ကယ်တင်ခြင်းစိတ်ချမှု မရရှိစေနိုင်ပါ။
တနေ့သောအခါ ဝိညာဉ်တော်အားဖြင့် ထိုကျမ်းစားကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားသည်။
ထိုနေ့၌ ကျွန်ုပ်တို့အလွတ်ကျက်ထားခဲ့သော Logos သည် Rhema ဖြစ်သွားပေသည်။ ကျွန်ုပ်တို့
ဦးနှောက်နှင့် နားမလည်နိုင်သည့် ပုံစံမျိုးဖြင့် သဘောပေါက်လာရသည်။ ကျမ်းစာထဲ၌ရှိသော
ဘုရားဂတိတော်များသည် မိမိအတွက် Rhema အနေဖြင့် ရောက်လာသောအခါ အသက်တာပြုပြင်ပြောင်းလဲသွားရသည်။
ဣသရေလလူမျိုးများ
တောထဲ၌ လှည့်လည်သွားလာသောအခါ ဘုရားသခင်သည် နေ့တိုင်းအတွက် မန္နမုန့်ကို ချပေးခဲ့သည်။
ထိုနေ့ကျလာသည့် မန္နမုန့်ကို နောင်အခါစားရန် စုဆောင်း၍မရပေ။ ယနေ့ကျလာသည့် မန္နမုန့်သည်
ယနေ့စားဖို့ရန်ဖြစ်သည်။ ထိုနည်းတူ မိတ်ဆွေအသက်တာတွင်လည်း ဘုရားသခင်ပြောသော Rhema စကားကို နေ့ရက်စဉ်တိုင်းအတွက် ကြားရန်လိုအပ်ပါသည်။
အကြောင်းမှာ ဘုရားသခင်သည် အသက်ရှင်သောဘုရားဖြစ်ပြီး မိတ်ဆွေကို နေ့တိုင်း ရင်းရင်းနှီးနှီး
စကားပြောလိုသော ဘုရားဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေနှလုံးသားကို ဖွင့်ဟပြီး ဘုရားအသံတော်
Rhema ကို နားစွင့်လျှင် ဧကန်ဘုရားသခင်က စကားပြောမည်ဖြစ်သည်။ မနေ့က ဘုရားသခင်၏ စကားသည်
မနေ့ကအတွက်ဖြစ်ပြီး၊ ယနေ့အတွက်မဟုတ်သောကြောင့် နေ့တိုင်း လတ်ဆတ်သန့်ရှင်းသော အစာကိုစားရဖို့ရန်
အရေးကြီးလှသည်။ ထိုလတ်ဆတ်သောအစာသည် Rhema စကားဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင်
ကျွန်ုပ်တို့အသက်တာသည် ဘုရား၏တိုက်ရိုက်ဖွင့်ပြမှုတည်းဟူသောRhema ၌သာ ရပ်တည်ဖို့ရန်ဖြစ်သည်။ အထူးသဖြင့် လူငယ်များအနေဖြင့်
မိမိအနားတွင် မိတ်ဆွေသူငယ်ချင်း၊ အားပေးမည့်သူ အချိန်တိုင်း၊ နေရာတိုင်း မရှိနိုင်သော်လည်း
ဘုရားသခင်သည် မိတ်ဆွေကို စကားပြောဖွင့်ပြလိုပါသည်။ ဘုရားအသံတော်ကို ကြားရပြီး အသစ်သောခွန်အားရယူကာ
နေ့ရက်စဉ်တိုင်း အောင်မြင်သောအသက်တာ၌ လျှောက်လှမ်းသွားနိုင်ဖို့ရန် အယောက်ချင်းစီတိုင်းကို
ဘုရားသခင်ကောင်းကြီးပေးပါစေ။
Brother
Khai
FYN
Vol.1 No.5 (Dec 27, 2011)
No comments:
Post a Comment