Friday, October 12, 2012

Goal

ပန်းတိုင်

 

တစ်နေ့ ကောင်လေးတစ်ယောက် ဘုရားသခင်နဲ့ လမ်းလျှောက်လာတယ်။ သူက ဘုရားသခင်ကိုမေးလိုက်တယ်။ 'ကိုယ်တော် ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ'။ ဒါနဲ့ ဘုရားသခင်ကလည်း ပြန်ဖြေတယ်။ 'ဒါအပြေးပြိုင်ပွဲလေ။ ပန်းတိုင်ကိုအရင်ရောက်တဲ့သူက ချန်ပီယံဆု ရွှေဖလား ကိုရမယ်'။ ဒါနဲ့ကောင်လေးလဲ ကျေကျေနပ်နပ်နဲ့ လမ်းဆက်လျှောက်လာတယ်။ ဘုရားသခင်လည်း သူ့ဘေးနားမှာအတူတူပေါ့။ သိပ်မကြာလိုက်ပါဘူး။ သူ့နောက်မှာ လူတွေအများကြီး ပြေးလာပြီးတော့ သူ့ကိုကျော်တက်သွားတယ်။ ဒါနဲ့ကောင်လေးလဲ ဘုရားသခင်ကို ပြန်မေးလိုက်တယ်။ 'ကိုယ်တော် ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့ဘာလုပ်နေကြတာလဲ'။ ဘုရားသခင်ကလည်း ပြန်ဖြေလိုက်တယ်။ 'အပြေးပြိုင်ပွဲဝင်ဖို့လာတာလေ။ ဘာလဲမင်းက မင်းတစ်ယောက်တည်း အပြေးပြိုင်ပွဲဝင်နေတယ် ထင်လို့လား။ ပြိုင်ပွဲပါဆိုမှ ပြိုင်မယ့်သူတွေရှိမှာပေါ့' လို့ ဘုရားသခင်က ပြန်ဖြေလိုက်တယ်။ ဒါနဲ့ကောင်လေးလဲ 'ကဲကွာ' ဆိုပြီး ပြေးဖို့ကြိုးစားလိုက်တဲ့အချိန်မှာ ဘုရားသခင်က သူ့ကိုလှမ်းဆွဲတယ်။ 'ဒါဘာလုပ်မလို့လဲ' လို့မေးလိုက်တဲ့အချိန်မှာ ကောင်လေးက စိတ်မရှည်ဟန်နဲ့ 'ဟာကိုယ်တော်ကလည်း သူများတွေတောင် ပြေးနေတာ ကျွန်တော်က ဘာလုပ်ဖို့ဒီမှာအေးအေးဆေးဆေး လမ်းလျှောက်နေမှာလဲ' လို့ပြန်ဖြေလိုက်တယ်။ 'ကဲပါ ခဏလေး စိတ်ငြိမ်ငြိမ်ထား။ ပြီးရင်ပြေးလို့ရတာပဲ။ အခုတော့ အေးအေးဆေးဆေး ငါနဲ့လမ်းလျှောက်ပါဦး' လို့ပြောလိုက်တော့မှ ကောင်လေးလည်းမပြေးတော့ဘဲ ဘုရားသခင်နဲ့ပဲ အချိန်ယူပြီး အေးအေးလူလူ လမ်းလျှောက်လာတယ်။ ဒီလိုလျှောက်လို့ သိပ်မကြာပါဘူး။ လူတစ်အုပ် ပြေးပြီးတော့ သူ့တို့ကိုကျော်တက်သွားကြပြန်တယ်။ ဒါနဲ့ ကောင်လေးလဲ လှုပ်လှုပ်ရွရွပြန်ဖြစ်လာပြီး ဘုရားသခင်ကို မေးလိုက်တယ်။ 'ကြည့်ဦးကိုယ်တော် ခုနကလူတွေလဲပြေးသွားကြပြန်ပြီ။ ကျွန်တော်တို့လည်း ပြေးရအောင်လေ'။ ဘုရားသခင်က ကောင်လေးရဲ့ ကြိုးစားချင်စိတ်၊ ထက်သန်တဲ့စိတ်ကို တွေ့ပြီး 'ကဲပါ ခဏလောက်အေးအေးဆေးဆေး လမ်းလျှောက်လိုက်စမ်းပါဦး။ ကြိုးစားချင်တဲ့သူတွေ ကြိုးစားပြီးပြေးပါစေကွာ။ မင်းကတော့ ငါနဲ့ပဲ အချိန်ယူစမ်းပါ' လို့ပြောလိုက်ပြန်ပါတယ်။ ဒီတစ်ခါလည်း ကောင်လေးက စိတ်ပြန်ပြေသွားပြီး ဘုရားသခင်နဲ့ စကားပြောရင်းပဲ လမ်းဆက်လျှောက်လာတယ်။ နောက်သိပ်မကြာပါဘူး လူတစ်ယောက်ဖြတ်ပြေးသွားတယ်။ ပြီးတော့ နောက်တစ်ယောက်။ ပြီးတော့ နှစ်ယောက်၊ သုံးယောက်။ သူ့နောက်ကနေ လူတွေထပ်ထပ်ပြီး ဖြတ်ပြေးသွားတာကိုမြင်တော့ သူနည်းနည်းလေး စိတ်ထဲမှာ ရိုးတိုးရွတဖြစ်လာတယ်။ သူများတွေ ကြိုးစားနေကြတယ်။ သူများတွေ သူ့ကိုကျော်တက်သွားကြပြန်ပြီ။ သူတို့တွေကြိုးစားပုံနဲ့ဆိုရင် သိပ်မကြာခင် ပန်းတိုင်ရောက်သွားကြတော့မှာပဲ လို့သူ့စိတ်ထဲ စိုးရိမ်သွားတယ်။ သူတို့ကို မရစေချင်လို့မဟုတ်။ သူလဲ သူတို့လိုကြိုးစားချင်တယ်။ ပြေးချင်တယ်။ တစ်ချိန်ကျရင် 'ငါကွာ အချိန်ရှိတုန်းက မပြေးလိုက်မိတာနာတယ်ကွာ။ ငါသာပြေးခဲ့မိရင်' လို့ နောင်တရမှာကို သူအရမ်းကြောက်နေတယ်။ အနည်းဆုံး တစ်ချိန်ချိန်မှာ နောင်တရစရာမရှိအောင်တော့ သူပြေးချင်နေတယ်။ အဲဒီအချိန်မှာပဲ သူ့ရှေ့နားမှာ ချော်လဲနေတဲ့အဖွားအိုတစ်ယောက်ကို သူတွေ့လိုက်တယ်။ ဒါနဲ့သူလည်း 'ကိုယ်တော် ဟိုရှေ့မှာ အဘွားကြီးတစ်ယောက်လဲသွားပြီ။ ကျွန်တော်သွားကူညီလိုက်ရမလား' လို့ဘုရားသခင်ကိုမေးတော့ ဘုရားသခင်ကလည်း ပြုံးပြုံးလေးပဲ ခေါင်းညိတ်ပြလိုက်တယ်။ ဒါနဲ့သူလည်း ပြေးသွားပြီး အဘွားအိုကို တွဲထူလိုက်တယ်။ ပြီးတော့ သူတို့အတူတူလျှောက်လာကြတော့တယ်။ ၁ဝ မိနစ်လောက် လျှောက်လာပြီးတဲ့အချိန်မှာ ဘုရားသခင်က သူ့ဖက်ကိုလှည့်ပြီး မေးလိုက်တယ်။ 'မင်း ခုနတုန်းက ပြေးရင်ကောင်းမယ်လို့ စဉ်စားနေတာမဟုတ်လား'။ သူ ဘုရားသခင်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။ ဘုရားသခင် အားလုံးကိုသိမှန်း သူသိနေတယ်လေ။ 'အခုကော မပြေးချင်တော့ဘူးလား' ဟု ဘုရားသခင် ထပ်မေးလိုက်တော့မှ သူပြန်စဉ်းစားမိသွားတယ်။ အမှန်ဆိုရင်တော့ လွန်ခဲ့တဲ့ငါးမိနစ်၊ ဆယ်မိနစ်လောက်ကပဲ သူသေအောင်ကို ပြေးချင်နေတယ်။ လူတွေ တစ်ယောက်ပြီးတစ်ယောက် သူ့ကိုကျော်တက်သွားတာမြင်ရလို့ သူအရမ်းစိတ်ပျက်နေတယ်။ ဒါပေမယ့် အခုတော့ သူဘယ်လိုမှ မခံစားရတော့။ ပြေးဖို့လဲ စိတ်ကူးမရှိတော့။ ပြီးတော့ သူတွဲလာတဲ့အဖွားကြီးနဲ့ သူတော်တော်လေး ရင်းနှီးစပြုလာတယ်။ အကူအညီမဲ့နေတဲ့ အဖွားကြီးတစ်ယောက်ကို တွဲပြီးလမ်းလျှောက်လာရတာကိုလည်း သူနှစ်သက်လာတယ်။ သူ ဘုရားသခင်ဘက် လှည့်ကြည့်လိုက်တော့ ဘုရားသခင်က ပြုံးနေတယ်။ သူ့အဖြေကို ကြိုသိနေပြန်ပြီ။ သူဘာမှ မဖြေဖြစ်တော့ပြန်ဘူး။ 'ဒီမှာခဏစောင့်နော်။ မင်းကိုပေးစရာတစ်ခုရှိတယ်' လို့ပြောပြီး ဘုရားသခင်ပျောက်သွားတယ်။ သူလည်း အဖွားအိုနဲ့ပဲ အဲဒီနေရာမှာ ဘုရားသခင်ကို ရပ်စောင့်နေလိုက်တယ်။ သိပ်မကြာလိုက်ဘူး။ ဘုရားသခင်ပြန်ပေါ်လာတယ်။ 'ကဲ ချန်ပီယံကြီး ဆုယူလိုက်ပါဦး' လို့ပြောပြီး ကောင်လေးကို ရွှေဖလားကြီး ပေးလိုက်တယ်။ ကောင်လေးလည်း အရမ်းအံ့သြသွားပြီး 'ဟာ . . . ကိုယ်တော်က ဒီအပြေးပြိုင်ပွဲကို ဆုပေးမယ့်သူလား။ ကျွန်တော် ပန်းတိုင်လည်း မရောက်သေးပါဘူး။ ဘာလို့ကျွန်တော့်ကိုဆုပေးတာလဲ။' လို့မေးလိုက်တယ်။ ဘုရားသခင်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။ ' ဒီမှာကောင်လေး လူတော်တော်များများက ငါကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲကိုဝင်ပြိုင်ကြတယ်။ ဆုပေးမယ့် ငါ့ကိုတော့ သူတို့မေ့နေကြတယ်။ သူတို့ပြေးဖို့၊ ပန်းတိုင်ရောက်ဖို့၊ ဆုရဖို့ကိုပဲ အားခဲကြတယ်။ ဒါပေမယ့် သူတို့ဟာ ပြေးသာပြေးနေတယ်။ ပန်းတိုင်ဘယ်ဆီမှာရှိမှန်းတောင် မသိဘူး။ ငါ့ရဲ့နိုင်ငံတော်မှာ ပန်းတိုင်တစ်ခုပဲရှိတယ်။ အဲဒါဟာ အလိုတော်ဝန်ခံခြင်းပဲ။ အလိုတော်ဝန်ခံနိုင်တဲ့တစ်နေ့မှာ မင်းဟာ ဖလားရှင်ပဲ။ အလိုတော်ကို အပြည့်အဝ ဝန်ခံလာနိုင်တဲ့အချိန်မှာ မင်းဟာ ချိန်ပီယံပဲ' 
    
    FYN Vol.1 No.1 (29 Nov, 2011)
Fire Youth Newsletter ကို ဖတ်ရှုရန်။

No comments:

Post a Comment