ကျမ်းပိုဒ်။ ။ ရောမ ၄း၂၁
'ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကို
စိတ်စွဲလမ်းလေ၏။ '
ယနေ့ခရစ်ယာန်လောက၌
'ယုံကြည်ခြင်း' ဟူသော စကားလုံးကို အမြဲတမ်းကြားနေရပါသည်။ အထူးသဖြင့် ဒုတိယမွေးခြင်းကို
ခံယူပြီးသည့်သကာလ သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းကိုခံယူသော ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်
အသက်ရှင်ခြင်းကို ပိုမိုဟောပြော သွန်သင်ကြသည်။ ထို့ကြောင့် ဘုရားသခင်နှင့်သူ၏ သမ္မာတရားကို
ဆာငတ်သော ကျွန်ုပ်တို့လူငယ်များသည် စစ်မှန်သော ယုံကြည်ခြင်း၌ ရပ်တည်ဖို့ အရေးကြီးလှပါသည်။
ကျွန်ုပ်တို့လူငယ်များသည်
ယုံကြည်ခြင်း၌ အားကြီးပြီး အပြောလည်းကျယ်ကြပါသည်။ ထိုအရာများသည် တိုးတက်ကောင်းမွန်သည့်
အရာဟု ကျွန်ုပ်ထင်မြင်မိပါသည်။ သို့သော် ယနေ့ ကျွန်ုပ်၏ယုံကြည်ခြင်း (သို့) မိတ်ဆွေ၏ယုံကြည်ခြင်းသည်
မည်သည့်နေရာတွင် ရပ်တည်နေသည်ကို သိထားသင့်ပါသည်။ ကျွန်ုပ်တို့ လူငယ်များပြောသော ယုံကြည်ခြင်းသည်
များသောအားဖြင့် 'စိတ်အားတက်ကြွမှု' ၌သာ ရပ်တည်တတ်ကြသည်။ မျက်မှောက်တော် ခံစားသောအချိန် (သို့) ဝိညာဉ်တော်၏ တို့ထိမှုခံစားရသော
အချိန်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မြင့်မားလျက်ရှိတတ်ကြသည်။ သို့သော် ပြဿနာ၊ အခက်အခဲများ
ကြုံတွေ့သောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ပျက်ပြားတတ်ကြသည်။ ထို့ကြောင့် လူငယ်များစွာသည်
ယုံကြည်ခြင်း၌ နေ့တိုင်းတက်လိုက်ကျလိုက် ဖြစ်နေရသည်။ အဘယ့်ကြောင့်နည်း။ ကျွန်ုပ်တို့ရပ်တည်နေသောနေရာ
မမှန်ကန်သောကြောင့်ဖြစ်ပါသည်။
ယုံကြည်ခြင်းဖခင်ဖြစ်သော
အာဗြဟံ၏ ယုံကြည်ခြင်းကို အနည်းငယ်ဝေမျှလိုပါသည်။ ဘုရားသခင်က အာဗြဟံကို 'ဂတိစကား' ပြောခဲ့သည်။
သင်၏သားစဉ်မြေးဆက်ကို သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း၊ ကောင်ကင်ကြယ်ပွင့်များကဲ့သို့လည်းကောင်း
များပြားစေမည်ဟု ဘုရားသခင်က ဂတိစကားဆိုခဲ့သည်။ ထိုအချိန်တွင် အာဗြဟံ၌ သားသမီးမရှိသေးပါ။
ဘုရားသခင်က သင်သည်သားယောင်္ကျား ဣဇက်ကို ရမည်ဟု ဂတိပေးခဲ့သည်။ ထို့ကြောင့် အာဗြဟံသည်
ဘုရားသခင်၏ ဂတိစကားကို ယုံကြည်မြော်လင့်ပြီး ဘဝတစ်ခုလုံး အသက်ရှင်ခဲ့သည်။ သူ့အသက်တာ၌
ဂတိတော်မရမချင်း ထိုဂတိတော်ကို စိတ်စွဲလမ်းခဲ့သည်။ သားယောင်္ကျားရမည့်နေ့ကို ကြိုတွေး၍
စိတ်ကူးယဉ်မြော်လင့်ခဲ့သည်။ အာဗြဟံ၏ ယုံကြည်ခြင်းသည် 'ဘုရားသခင်ပြောသော ဂတိစကား' ၌သာ
ရပ်တည်ခြင်းဖြစ်သည်။
ထို့ကြောင့်
မိတ်ဆွေအသက်တာတွင် ဘုရားသခင်၏ ဂတိစကား၌သာ ရပ်တည်သောသူဖြစ်ဖို့ ကျွန်ုပ်အားပေးလိုပါသည်။
ဘုရားသခင်က မိတ်ဆွေကို မည့်သည့်ဂတိစကား ပေးခဲ့သနည်း။ ကျမ်းစာထဲ၌ ဘုရားသခင်ပေးထားသော
ဂတိတော်များစွာရှိပါသည်။ ထို့ကြောင့် ပြောင်းလဲတတ်သော ကျွန်ုပ်တို့၏ 'စိတ်ခံစားမှု' ၌ မဟုတ်ဘဲ မိတ်ဆွေဘဝအတွက်
ဘုရားဂတိတော် (သို့) ဘုရားသခင်၏ တိုက်ရိုက်ဖွင့်ပြမှု၌သာ ရပ်တည်သင့်ပါသည်။ ထိုသို့
'ဘုရားသခင်၏ ဂတိစကား' ၌ နေ့ရက်စဉ်တိုင်း ရပ်တည်လာနိုင်သောအခါ မိတ်ဆွေ၏ယုံကြည်ခြင်း တည်ငြိမ်လာမည်ဖြစ်ပါသည်။ ထို့ကြောင့်
စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရား၏ဂတိစကားတော်၌ ရပ်တည်ခြင်းဖြစ်ကြောင်း ဖော်ပြလိုပါသည်။
ယုံကြည်သူ လူငယ်တိုင်း အသက်ရှင်သော ဘုရား၏ နှုတ်ကပတ်တော်ဂတိ၌သာ ရပ်တည်တတ်သောသူများဖြစ်ဖို့
ရန် အရေးကြီးပါသည်။
ထို့ကြောင့်
လက်တွေ့အနေဖြင့် ကျမ်းစာထဲ၌ပါသော ဘုရား၏ဂတိတော်ကျမ်းပိုဒ်များကို ယခုပင်အလွတ်ကျက်ပါ။
ဆင်ခြင်အောက်မေ့ပြီး စိတ်ကူးယဉ်စွဲလမ်းပါ။ မိတ်ဆွေ၏ နှလုံးသား၌ ဝိညာဉ်တော် စကားပြောသော၊
ဂတိပေးသောအရာများကို စာရွက်၌ချရေးပါ။ ဘုရားပေးသော
ရူပါရုံ၊ အနာဂတ်အတွက် ဘုရားသခင် ဂတိထားသော အရာများကို ချရေးပါ။ ဘုရားပေးသော ဂတိတော်
မပြည့်စုံမချင်း စိတ်စွဲလမ်းပြီး စောင့်နေပါဟု ခရစ်တော်၏နာမတော်မြတ်၌ အားပေးတိုက်တွန်း
ခွန်အားပေးလိုပါသည်။
Brother Khai
FYN
Vol.1 No.1 (29 Nov, 2011)
No comments:
Post a Comment