ပတ်တီး
မထင်မှတ်ဘဲ
ငါ့အနားကို သူရောက်လာခဲ့တယ်။ သူငါ့ကို စကားတစ်ခွန်းပြောတယ်။ ငါအရမ်းပျော်သွားတယ်။ ဘ၀ရဲ့
လေမုန်တိုင်းကြားမှာ လှိုင်းလုံးတွေကိုကျော်ဖြတ်ကူးခတ်ရင်း မောပန်းနေတဲ့အချိန် သူစကားတစ်ခွန်း
လာပြောသွားပြန်တယ်။ အဲဒီစကားတစ်ခွန်းက ဆက်လက်ကူးခတ်ဖို့ ငါ့ကိုအားတွေပေးခဲ့တယ်။ ငါ့ဘ၀အတွက်
သူက တကယ် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
သူ့ကို ငါယုံကြည်လာတယ်။
စိတ်ချလာတယ်။ အားကိုးလာတဲ့အချိန်မှာ မထင်မှတ်တဲ့အရာတစ်ခုကို သူစလုပ်လာတယ်။ အရင်လိုဘဲ
အချိန်တန်တော့ ငါ့အနားကို သူရောက်လာတယ်။ စကားတစ်ခွန်းကို သူပြောတယ်။ ငါအရမ်းနာတယ်။
‘မင်းအဲဒီလိုစကား ဘယ်တော့မှငါ့ကိုမပြောနဲ့။’ ငါ့အနားက သူပြန်ထွက်သွားတယ်။ ငါမှားသွားခဲ့ပြီလား။
ဒါပေမယ့် အဲဒီအနာက ငါထင်တာထက်ပိုနာနေတယ်။ သိပ်မကြာပါဘူး။ သူအရင်လိုဘဲ ပြန်ရောက်လာတယ်။
စကားတစ်ခွန်းထပ်ပြောတယ်။ သူ့ကိုငါ အရမ်းမုန်းသွားတယ်။ ငါပြောချင်တာတွေ သူ့ကိုပြန်ပြောလိုက်တယ်။
ငါအရမ်းစိတ်နာတယ်။ ငါသူ့ကို ယုံကြည်ခဲ့တယ်။ သူ့ဆီက ဒီလိုစကားမျိုး ဘယ်တုန်းကမှ ကြားရလိမ့်မယ်လို့
ငါမထင်မိခဲ့ဘူး။ ဒါပေမယ့် သူပြောခဲ့တယ်။
ငါ့ဘ၀ အမှောင်ထဲ
ရောက်သွားတဲ့အချိန်မှာ ငါငိုကြွေးနေတယ်။ အရင်ကလို သူ့ရဲ့ အားပေးတဲ့စကားတစ်ခွန်းကို
ငါပြန်တမ်းတမိတယ်။ ငါ့ဆုတောင်းကို ဘုရားက ကြားတယ်ထင်တယ်။ အရင်လိုဘဲ ငါ့ဘ၀အမှောင်ခန်းထဲကို
သူရောက်လာတယ်။ သူပြောနေကျစကားကို ပြန်ပြောတယ်။ ဒီတစ်ခါတော့ ဂိတ်ဆုံးကိုရောက်သွားပြီ။
ငါ့ရဲ့ ဒေါသတွေ အထဋ်အထိပ်ကို ရောက်သွားခဲ့တယ်။ ငါသူ့ကို သိသမျှ၊ တတ်သမျှ ဆဲနည်းတွေနဲ့
ဆဲရေးတိုင်းထွာပြီး၊ သိသမျှ မကောင်းတဲ့အရာတွေနဲ့ သူ့ကို ပြောတယ်။ နောက်ဆုံးငါပြောလိုက်တာက
‘မင်း ငါ့အနားကို ဘယ်တော့မှ မလာနဲ့တော့။’ ဆိုတဲ့စကားဘဲ။
ဒီလိုပဲ ငါ့ဘ၀ရဲ့
လေမုန်တိုင်းကြား၊ လှိုင်းလုံးကြားမှာ ကူးခတ်ရင်း တစ်ခါခါမှာ ငါ့လှေဟာ လှိုင်းတွေအထက်မှာရှိတယ်။
အဲဒီအချိန်ကတော့ ငါ့ဘ၀ရဲ့ အပျော်ဆုံးအချိန်ဘဲ။ ဒါပေမယ့် တစ်ခါခါမှာ ငါ့ရဲ့လှေဟာ လှိုင်းလုံးတွေအောက်မှာ
ပျောက်ကွယ်လုလုဖြစ်နေတယ်။ ဒီလို ကူးခတ်နေရင်းနဲ့ တစ်နေ့မှာ မုန်တိုင်းတို့ ချုပ်ငြိမ်းတဲ့နေ့ရက်မှာ
ငါသူ့ကို သတိရမိတယ်။
ငါသတိရတဲ့အတိုင်းဘဲ
တစ်နေ့ သူငါ့ဆီရောက်လာတယ်။ သူစကားတစ်ခွန်းပြောတယ်။ အရင်က ပြောဖူးတဲ့စကားပါပဲ။ အရင်က
ပြောနေကျစကားပါဘဲ။ အရင်က ငါနာကျင်နေကျစကားတစ်ခွန်းဘဲ။ အရင်က ငါ အသည်းအသန်၊ အကြောက်အကန်
ပြန်ပြီးငြင်းတဲ့ အဲဒီစကား၊ အရင်က ငါ့အသည်းတွေကို ဓားနဲ့မွှန်းသလို နာကျင်စေတဲ့ အဲဒီစကားဘဲ
ဒီတစ်ခေါက် ငါပြန်ကြားရတယ်။ တကယ်ကို ထူးဆန်းပါတယ်။ ငါမနာကျင်တော့ဘူး။ သူပြောတယ်။ ‘မင်းရဲ့
အနာပျောက်ကင်းသွားပြီ’ တဲ့။ ရုတ်တရက် ငါမှင်သက်မိနေတယ်။ လောကကြီးတစ်ခုလုံးနဲ့ ငါအဆက်အသွယ်ပြတ်သွားတယ်။
‘အနာပျောက်သွားပြီ’ တဲ့လား။ သူဘာတွေလာပြောနေတာလဲ။ သူဘာပြောချင်တာလဲ။ သူဘာဆိုလိုတာလဲ။
ကိုယ်တော် သူဘာတွေလာပြောနေတာလဲလို့ ဘုရားကိုတောင်ငါမေးလိုက်သေးတယ်။ ငါ့နားထဲမှာလည်း
အဲဒီအဖြစ်အပျက်၊ အဲဒီနေ့၊ အဲဒီအချိန်ကို ပြန်တွေးလိုက်တိုင်း ပီပီသသ ပြန်ကြားနေရတယ်။
‘မင်းရဲ့ အနာပျောက်ကင်းသွားပြီ’ တဲ့။
သတိပြန်ရလို့
သူ့ကိုကြည့်လိုက်တော့ သူမရှိတော့ဘူး။ ငါနေရာအနှံ့ကို ရှာတယ်။ သူမရှိတော့ဘူး။ ငါသိလိုက်ပါပြီ။
ငါမသိလိုက်တဲ့အချိန်မှာ သူဟာ ငါ့အနာကို စည်းပေးသွားတယ်။ ငါ့အနာကို သက်သာ၊ ပျောက်ကင်းအောင်
ဆေးလိမ်းပြီး ပတ်တီးစည်းပေးနေခဲ့တာ။ ငါသူ့ကို ပြန်ပြီး ဆဲနေ၊ ဆူနေတဲ့အချိန်မှာ ငါ့အနာကို
သူက ဂရုစိုက်ပေးခဲ့တယ်။ အခုတော့ ငါအနာပျောက်သွားပြီ။ သူကတော့ အဝေးတစ်နေရာမှာ အခြားတစ်ယောက်ရဲ့အနာကို
ပျောက်ကင်းအောင် ကုသပေးနေမှာဘဲလို့ တွေးနေမိချိန်မှာ လမင်းလေးကတော့ သူ့နဂိုနေရာမှာဘဲ
ဝင့်ဝင့်ကြွားကြွား သာနေဆဲပါ။ . . . .
မေတ္တာဖြင့်
ပေါလူ
No comments:
Post a Comment