''အပြစ်တရား၏ကျွန်မှ ဖြောင့်မတ်ခြင်းတရား၏ကျွန်သို့''
![]() |
နှုတ်ကပတ်တော်ကပြောရင် ပြောတဲ့အတိုင်းမှန်ပါတယ်မိတ်ဆွေ |
ရောမ ၆း၁၈ ''သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ကြပြီဖြစ်၍ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။''
ယနေ့ ယုံကြည်သူ ခရစ်ယာန်များသည် လောကီသားများနှင့်မခြား ပြုမူတတ်ကြသည်။ တမန်တော်ခေတ်က တပည့်တော်များသည် လောကီသားများတွင် စံပြပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။ သူတို့၏ အပြုအမူ၊ အကျင့်အကြံများအားဖြင့် လူမြောက်များစွာ ပြောင်းလဲလာသည်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် ကနဦးအသင်းတော် ယုံကြည်သူများနှင့် ယခုယုံကြည်သူများ ကွာခြားရသနည်း။ အကြောင်းရင်းများအနက်မှ တစ်ခုကိုရွေးထုတ်ပြီး ရှင်းပြလိုပါသည်။
ကျွန်ုပ်တို့လူသားများအားလုံးသည် အပြစ်၏ကျေးကျွန်များဖြစ်ကြသည်။ အားလုံးသည် ကောင်းတာကိုလုပ်လိုသော်လည်းမလုပ်နိုင်၊ မကောင်းတာကို ရှောင်လိုသော်လည်း မရှောင်နိုင်ဘဲ အပြစ်ထဲမှသာ သံသရာလည်နေကြသည်။ ဘာသာတရား၊ ပညတ်တရားများက ကောင်းမွန်သော်လည်း ကျွန်ုပ်တို့က မလိုက်လျှောက်နိုင်ဘဲ ဖြစ်နေသည်။ ပညတ်တရားက ကောင်းသော်လည်း မကောင်းသည်မှာ ကျွန်ုပ်တို့ကိုယ်တိုင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ကျင့်ကြံဖို့ကြိုးစားလေလေ၊ ပိုမိုနစ်မွှန်းလေလေ၊ ရှုံးနိမ့်လေလေဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မျှော်လင့်ရာမဲ့ ဆုံးရှုံးသောသူများ ဖြစ်ကြသည်။ အပြစ်၏အခဖြစ်သော ငရဲသို့သွားရမည်သာဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့သည် မွေးစကပင် 'အပြစ်တရား' ပါလာသောကြောင့်ဖြစ်သည်။ ဆာလံဆရာက ဆာလံကျမ်း ၅၁း၅ တွင် ''အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ကပင် အပြစ်စွဲပါ၏။'' ဟု စပ်ဆိုထားပါသည်။
မိခင်ဝမ်းထဲ၌ ရှိစဉ်ပင် အပြစ်တရားပါလာပြီးသားဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးသည် အပြစ်တရား၏ကျေးကျွန်ဖြစ်ခဲ့ရသည်။ မိဘထံမှ အမွှေဆက်ခံလာခြင်းဖြစ်သည်။ ကျွန်ကို သခင်ကအုပ်ချုပ်သကဲ့သို့ လူသားအားလုံးကို အပြစ်တရားဆိုသည့်အရာက အုပ်ချုပ်နေပေသည်။ အဘယ်လူသားမျှ ထိုအပြစ်တရား၏ အုပ်ချုပ်မှု၊ အာဏာစက်ကို မလွန်ဆန်နိုင်ပါ။ မကျော်လွှားနိုင်ပါ။ ထို့အကြောင်းကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတွင် အပြစ်များစွာကို ကျူးလွန်မိတတ်ကြခြင်းဖြစ်ပါသည်။ အပြစ်လုပ်သောကြောင့် အပြစ်သားဖြစ်လာခြင်းမဟုတ်ဘဲ မွေးစကပင် 'အပြစ်တရား' ပါသောကြောင့် အပြစ်ကိုကျူးလွန်ခြင်းဖြစ်သည်။ အပြစ်၏ကျေးကျွန်ဖြစ်ခြင်းက ကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်များ ကျူးလွန်ရန် ကျွမ်းကျင်စေသည်။ ထို့ကြောင့် သခင်ယေရှုခရစ်က သူ့အသွေးတော်ဖြင့် ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်ရှိသမျှကို ဆေးကြော သန့်စင်ပေးခဲ့သည်။ ဟာလေလုယာ။
သို့သော် မိတ်ဆွေ ယေရှုကိုလက်ခံယုံကြည်ရုံနှင့်တော့ 'အပြစ်တရား၏' လက်မှ မလွတ်မြောက်သွားနိုင်ပါ။ ထို့ကြောင့် လူများစွာသည် ယေရှုကိုလက်ခံယုံကြည်ပြီးသော်လည်း အပြစ်ကို ဆက်လက်ကျူးလွန်နေကြခြင်းဖြစ်သည်။ အသွေးတော်က ဒုစရိုက်အပြစ် (SINS) ကို ဆေးကြောပေးသော်လည်း 'အပြစ်တရား' (SIN) ကိုတော့ ဖြေရှင်းမပေးပါ။ မိတ်ဆွေ၏ ကိုယ်ပိုင် 'အပြစ်တရား' (SIN) သည် မိတ်ဆွေကိုယ်တိုင် ဖြစ်သောကြောင့် အသွေးတော်က ဖြေရှင်းမပေးပါ။ ထို့ကြောင့် တဖြည်းဖြည်းနှင့် အပြစ်တရား၏ကိုယ်ဖြစ်သော မိတ်ဆွေကိုယ်တိုင် ကိုယ့်ကိုယ်ကို မုန်းတီးလာမည်ဖြစ်သည်။ ရွံရှာလာမည်ဖြစ်သည်။ သေချင်လောက်အောင် မုန်းတီးလာမည်ဖြစ်သည်။ အပြစ်ကျူးလွန်မိတိုင်း မိမိကိုယ်ကို သတ်သေချင်လောက်အောင် ဖြစ်လာမည်ဖြစ်သည်။ သို့သော် မိတ်ဆွေမသိခဲ့သည်မှာ ဘုရားသခင်က မိတ်ဆွေကိုကားတိုင်ပေါ်မှာ အသေသတ်ခဲ့ပြီးဖြစ်သည်။ လက်ဝါးကပ်တိုင်ထက်တွင် ယေရှုခရစ်တော်အသေခံသည့်အခါ မိတ်ဆွေ၏အပြစ်အတွက်သာ အသေခံခဲ့သည်မဟုတ်၊ မိတ်ဆွေကိုပါ ထိုလက်ဝါးကပ်တိုင်ထက်တွင် သူနှင့်အတူ အသေသတ်ခဲ့ပြီးဖြစ်သည်။ ကားတိုင်ပေါ်တွင်ရှိနေစဉ် မိတ်ဆွေကို ယေရှု၏ကိုယ်ထဲ၌ ထားရှိပြီး သူနှင့်အတူ သေစေခဲ့သည်။ ထို့နောက် သူရှင်ပြန်ထမြောက်သောအခါတွင် မိတ်ဆွေလည်း သူနှင့်အတူရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သည်။
ရောမ ၆း၆ ''ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ်တရား၏ အစေကိုမခံခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။''
ထို့ကြောင့်မိတ်ဆွေသည် အပြစ်တရား၏ ကျွန်မဟုတ်တော့ပါ။ ယနေ့ ကျွန်ုပ်တို့ အပြစ်လုပ်မိသောအခါ 'ငါပုထုဇဉ်လသားပဲ' ဟု ပြောတတ်ကြပြီး မိမိကိုယ်ကို ခွင့်လွှတ်၊ ငဲ့ညှာတတ်ကြသည်။ ဆိုလိုသည်မှာ 'ငါအပြစ်တရားရဲ့ ကျွန်ဖြစ်နေသေးလို့ အပြစ်လုပ်မိတာပဲ မဆန်းပါဘူး' ဟု ခံယူနေခြင်းဖြစ်သည်။ သို့သော် မိတ်ဆွေ ဒုတိယမွေးခြင်းကို ခံပြီးပြီဆိုလျှင် မိတ်ဆွေသည် လောကီလူသား၊ ပုထုဇဉ်လူသားမဟုတ်တော့ပါ။ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်လာပါသည်။
ဖြောင့်မတ်ခြင်းတရား၏ကျွန်ဆိုသည်မှာ အပြစ်လုပ်မိသောအခါ မပျော်တော့ဘဲ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်လိုသောဆန္ဒ ရှိလာခြင်းဖြစ်သည်။ အပြစ်တစုံတခု၏ သွေးဆောင်ခြင်းကိုခံရသောအခါ 'ငါအပြစ်တရားရဲ့ ကျွန်မှမဟုတ်တော့ဘဲ၊ ငါဖြောင့်မတ်ခြင်းတရားရဲ့ ကျွန်ပဲလေ' ဟု ကိုယ်ကိုကိုယ် ပြောဆိုနေပါ။ ဝန်ခံနေပါ။ အံ့သြဖွယ်ရာကောင်းလောက်အောင် လွတ်မြောက်သွားမည်ဖြစ်သည်။ စာတန်က 'မင်းအပြစ်ရဲ့ကျွန်ပဲလေ၊ အပြစ်ကိုဆက်ပြီးကျူးလွန်ပါ' ဟု ဖျားယောင်းသွေးဆောင်လာလျှင် ကားတိုင်အားဖြင့် မိတ်ဆွေ၏ လူဟောင်းသေခြင်းနှင့် လူသစ်၏ရှင်ပြန်ထမြောက်ခြင်းကို ကြေညာလိုက်ပါ။ အောင်မြင်ခြင်းကို ရရှိမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် အသွေးတော်သည် ကျွန်ုပ်တို့၏ ဒုစရိုက်ပြစ်(SINS) ကို ဆေးကြောနိုင်သည်မှန်သော်လည်း အပြစ်အားလုံး၏ အမြစ်ဖြစ်သော၊ ပင်ရင်းဖြစ်သော အပြစ်တရား (SIN) ကို မဖြေရှင်းပေးနိုင်ပါ။ သို့သော် ကားတိုင်ပေါ်၌ ခရစ်တော်နှင့်အတူ အသေခံခဲ့ပြီးပြီဖြစ်သောကြောင့် မိတ်ဆွေ မိမိကိုယ်ကို အပြစ်တရား၏ကျွန်အဖြစ်မမြင်တော့ဘဲ ဖြောင့်မတ်ခြင်းတရား၏ကျွန် (သို့) ဖြောင့်မတ်သောသူအဖြစ် ဖြောင့်မတ်သောအကျင့်များကို ကျင့်ဆောင်ရမည့်သူဟု သိမှတ်ဖို့ရန်ဖြစ်သည်။ (ရောမ ၆း၁၁)
Flame
FYN Vol.1 No.15 (Mar 6, 2012)
No comments:
Post a Comment