ကျား၊ လူနှင့် ဘုရားပုံပြင်
လူတစ်ယောက် ကျားလိုက်၍ ဖနောင့်နှင့်တင်ပါး တထပ်တည်းကျအောင် ပြေးနေရသည်။ သူလည်း တတ်နိုင်သလောက် မြန်နိုင်သလောက် မြန်အောင်ပြေးရာမှ ချောက်ကမ်းပါးသို့ရောက်လာခဲ့သည်။ ကျားကလည်း သူနှင့်ထပ်ကြပ်မကွာ လိုက်ပါလာသည်။ ထိုလူလည်း ချောက်ကမ်းပါးအောက်သို့ ငုံ့ကြည့်လိုက်ရာ သစ်ကိုင်းတစ်ကိုင်းထွက်နေသည်ကို အမှတ်မထင်တွေ့လိုက်ရသည်နှင့် ခုန်ဆင်းပြီး ထိုသစ်ကိုင်းကိုဆွဲထားလိုက်သည်။ ထိုလူလည်း သက်ပြင်းချလိုက်သည့်အချိန်တွင် ကျားကတော့ စိတ်မရှည်စွာ ဟိန်းဟောက်နေလေသည်။
ထိုအချိန်လေးတွင် ကြွက်တစ်ကောင်ရောက်လာပြီး သစ်ကိုင်းကို တစ်ဆစ်ဆစ်ကိုက်ဖြတ်တော့သည်.။ ထိုလူလည်း ချေက်ထဲသို့ငုံ့ကြည့်လိုက်သည်။ ခေါင်းမူးနောက်သွားလောက်အောင်နက်သည့် ချောက်ထဲသို့ကျသွားလျင် အရိုးတခြား၊ အသားတခြားဖြစ်သွားမည်မှာ မလွဲဧကန်။ သို့နှင့် သေခါနီးလူတို့၏ထုံးစံအတိုင်း နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ကောင်းကင်သို့မော့ကြည့်ပြီး အော်ဟစ်ဆုတောင်းလိုက်တော့သည်။
''ကိုယ်တော် . . . ကိုယ်တော်အသက်ရှင်တယ်ဆိုရင် ကျွန်တော့်ကိုအခုလာကယ်ပါ။ ကိုယ်တော်ဘာခိုင်းခိုင်း လုပ်ပါ့မယ်''
ရုတ်တရက် အသံတစ်သံပေါ်ထွက်လာသည်။ ''မင်း ငါဘာခိုင်းခိုင်းလုပ်မယ်ဟုတ်လား . . . '' ဟု ထိုအသံကမေးလိုက်သည်။
လူကြီးလည်း သူ၏တောင်းပန်သံကို ချက်ချင်းဖြေကြားလိုက်သည့်အတွက် အံ့အားသင့်သွားသည်။
''ကိုယ်တော်ပြောပါ။ ဘာမဆိုလုပ်ပါ့မယ်။''
ကောင်းကင်မှအသံက ''မင်းကိုကယ်လို့တော့ရတယ်။ ဒါပေမယ့် မင်းဘက်ကတော့ သတ္တနဲ့ ယုံကြည်ခြင်းတော့ ရှိဖို့လိုတယ်။'' ဟု ပြန်ပြောသည်။
သစ်ကိုင်းမှာ အနည်းငယ်ယဲ့ချင်နေပေပြီ။ ကြွက်ကလည်း မနားတမ်းကိုက်နေသည်နှင့် လူကြီးလည်း စိတ်မရှည်တော့ဘဲ ''ကိုယ်တော် ပြောမှာသာပြောပါ။ ဘာမဆိုလုပ်ပါ့မယ်။ လုပ်ရဲပါတယ်။'' ဟု အော်ပြောလေသည်။
ကောင်းကင်မှအသံက ''ကဲ ကောင်းပြီး။ ဒါဆိုရင် မင်းဆွဲကိုင်ထားတဲ့ သစ်ကိုင်းကို လွှတ်လိုက်ပါ။'' ဟု ပြောလိုက်လေသည်။
လူကြီးလည်း တစ်ချက် ချောက်ကြီး၏ အဆုံးကိုကြည့်လိုက်သည်။ ကျသွားလျှင် သေကိန်းအတိ။ ကျားကလည်း ကမ်းပါးမှပင် ဟိတ်းဟောက်နေဆဲပင်။ ကြွက်ကလည်း ကိုက်မြဲကိုက်နေသည်။ နောက်ဆုံးမတော့ ထိုလူလည်း ကောင်းကင်သို့တဖန်ပြန်မျှော်ကြည့်၍ ''အဲဒီမှာ တခြားဘယ်သူရှိသေးလဲ'' ဟု အော်ဟစ်အကူအညီတောင်းလိုက်လေတော့သည်။
Internet
FYN Vol.1 No.9 (Jan 24, 2012)
No comments:
Post a Comment