Friday, October 12, 2012

The Value


တန်ဖိုး


ရပ်ဂီဒပ်စ် ကောလိပ်ကျောင်းတစ်ကျောင်းကို ရောက်သွားပြီး ကျောင်းသားတွေနဲ့ မိဿဟာရဖွဲ့တယ်။ အဲဒီမှာ ဒပ်စ် က ကစားနည်းလေးတစ်ခုကို ကျောင်းသားတွေကို မိတ်ဆက်ပေးတယ်။ သူ့အိပ်ကပ်ထဲက ဒေါ်လာ ၄ဝ (နှစ်ဆယ်တန် နှစ်ရွက်) ကို ထုတ်ပြီး ကျောင်းသားတွေကို မေးတယ်။ 'ဒီဒေါ်လာ ၄ဝ လိုချင်တဲ့သူရှိလား'။ ကျောင်းသားတွေဘက်က တုန့်ပြန်မှုတွေ ရလာတယ်။ ဒါနဲ့ ဒပ်စ် လည်း ဆက်ပြီးတော့ ပြောတယ်။ 'ဒါဆိုရင် ဒေါ်လာ ၄ဝ ကို လိုချင်တဲ့သူတွေ ကျွန်တော် ၁၊ ၂၊ ၃ ရေပြီးတာနဲ့ ချက်ချင်း မတ်တက်ထရပ်ရမယ်။ ကဲ အဆင်သင့်ဖြစ်ပြီလား'။ ဒါနဲ့ ကျောင်းသားတွေလည်း ထဖို့ အဆင်သင့်ပြင်နေကြတယ်။ အဲဒီအချိန်မှာ ဒပ်စ် က ''၁ . . ၂  . .   ၃'' လို့ အော်လိုက်တယ်ဆိုရင်ပဲ ကျောင်းသား တော်တော်များများ မက်တက်ထရပ်ကြတယ်။ တစ်ချို့ကတော့ မယုံလို့နေမှာပေါ့။ ဒါနဲ့ ဒပ်စ် က ပြောတယ်။ 'ကျွန်တော် ဒေါ်လာ ၄ဝ ပေးမယ်ဆိုတာကို ယုံတဲ့သူတွေက ရပ်တယ်။ မယုံတဲ့သူတွေက လှုပ်တောင် မလှုပ်ဖူးဆိုတော့ ထိုင်နေတဲ့သူတွေအားလုံးက ဒေါ်လာ ၄ဝ ရဖို့ လုံးဝမျှော်လင့်ချက်မရှိတော့ဘူး။ အဲဒီတော့ ဒီမှာ ကျွန်တော့်ဆီမှာ အကြွေစေ့ တစ်စေ့ရှိတယ်။' လို့ပြောပြီး သူ့အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ကို ထုတ်လိုက်တယ်။ 'ကျွန်တော် ဒီအကြွေစေ့ကိုမြောက်ပြီး ပြန်ဖမ်းမယ်။ မင်းတို့ကတော့ ဒါ ခေါင်းကျမလား၊ ပန်းကျမလား ရွေးရမယ်။ ခေါင်းကျမယ်ထင်တဲ့သူက လက်ကို ခေါင်းပေါ်တင်မယ်၊ ပန်းကျမယ်လို့ ထင်တဲ့သူက လက်ကို တင်ပါးပေါ်တင်မယ်။ မှားတဲ့သူ ထိုင်ရမယ်။ ကဲ အားလုံးအဆင်သင့်ဖြစ်ပြီးလား' လို့ မေးလိုက်တာနဲ့ ကျောင်းသားတွေလည်း လက်ကို ခေါင်းပေါ်တင်သူကတင်၊ တင်ပါးပေါ် တင်သူကတင်နဲ့ အားလုံးပြီးသွားတော့ ဒပ်စ် က အကြွေစေ့ကို အပေါ်ပစ်တင်ပြီး ပြန်ဖမ်းလိုက်တယ်။ ပြီးတော့အားလုံးကို ပြောလိုက်တယ်။ 'ပန်း'။ ကျောင်းသား၊ ကျောင်းသူတွေ 'ဟင်၊ ဟာ' အသံတွေထွက်လာတယ်။ ခေါင်းလုပ်ထားတဲ့သူတွေအားလုံး ထိုင်လိုက်ရတယ်။ အဲဒီလိုနဲ့ သုံးခေါက်မြောက်မှာတော့ ယောင်္ကျားလေးသုံးယောက်၊ မိန်းကလေး နှစ်ယောက်ပဲ ကျန်တော့တယ်။ ဒါနဲ့ ဒပ်စ် လည်း သူတို့ကို အရှေ့ထွက်ခိုင်းတယ်။ ပရိသတ်ဘက်ကို မျက်နှာလှည့်ခိုင်းတယ်။ မိန်းကလေးနှစ်ယောက်က ပန်း၊ ယောင်္ကျားလေးသုံးယောက်က ခေါင်းကို ရွေးထားကြတယ်။ ဒပ်စ် က အကြွေစေ့ကို လှန်ပြီး ပရိသတ်ဘက်ကို ပြလိုက်တယ်။ ပရိသတ်ကလည်း အားပါးတရ အော်လိုက်ကြတယ်။ 'ခေါင်း'။ မိန်းကလေး နှစ်ယောက်ထွက်သွားပြီး ယောင်္ကျားလေးသုံးယောက်ပဲ ကျန်တော့တယ်။ အဲဒီထဲမှာ ယောင်္ကျားလေး နှစ်ယောက်က ပန်းလုပ်ထားတယ်။ တစ်ယောက်က ခေါင်း။ ဒါနဲ့ ဒပ်စ် အကြွေစေ့ကို ထပ်လှန်လိုက်တယ်။ ပရိသတ်ကို ပြတယ်။ ပရိသတ်ကလည်း တစ်သံတည်း 'ခေါင်း' လို့ အော်လိုက်ကြတယ်။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကို ဒပ်စ်က 'ကဲ . . . မင်းက နောက်ဆုံးကျန်တာဆိုတော့ ဒီ ဒေါ်လာ ၄ဝ ကို မင်းကိုပေးရတော့မယ်။ ဒါပေမယ့် မပေးခင်မှာ တစ်ခုမေးချင်တယ်။ မင်း ဒီဒေါ်လာ ၄ဝ ကို တကယ်လိုချင်လား' လို့မေးလိုက်တယ်။ ဒါနဲ့ ကျောင်းသားက 'လိုချင်တယ်' လို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ ဒပ်စ်လည်း သူ့လက်ထဲက ဒေါ်လာ ၄ဝ ကို အောက်ပစ်ချလိုက်တယ်။ ပရိသတ်ကလည်း အသံတိတ်ပြီး သူတို့ကို ကြည့်နေကြတယ်။ ဒါနဲ့ ဒပ်စ်က ကြမ်းပြင်ပေါ်ကျနေတဲ့ ဒေါ်လာ ၄ဝ ကို ခြေထောက်နဲ့ နင်းလိုက်တယ်။ ပြီးတော့ ပြန်ကောက်တယ်။ ငွေစက္ကူတွေက စိုတောင်စိုနေပြီ။ 'ကဲ မင်းတွေ့တဲ့အတိုင်းပဲ ဒီဒေါ်လာတွေက စိုနေပြီ။ မင်းတကယ် လိုချင်သေးလား။' လို့ မေးလိုက်ပြန်တယ်။ ကောင်လေးကတော့ 'လိုချင်တယ်' ပဲ ပြန်ဖြေတယ်။ ဒပ်စ် က ဆက်ပြီး 'သေချာတာက ငါ့ဖိနပ်မှာ ပါတဲ့ အရည်တစ်ခုခုကြောင့်စိုသွားတာထင်တယ်။ ဥပမာ ခွေးချီးလည်း ဖြစ်နိုင်တာပဲ။ ဒါတောင်မှ မင်းလိုချင်သေးလား။' ဒါနဲ့ ကျောင်းသားက 'လိုချင်တယ်' ပဲ ဆက်ဖြေတယ်။
နောက်ဆုံးမှာ ဒပ်စ် က 'ကဲ ဒီဒေါ်လာ ၄ဝကို ငါက ဖိနပ်နဲ့ တက်နင်းတယ်၊ ညစ်ပတ်နေတယ်။ ဒါပေမယ့် သူ့ရဲ့ ဒေါ်လာ ၄ဝ ဆိုတဲ့ တန်ဖိုး ပြောင်းလဲသွားသလား။ ဒါကတော့ ငွေစက္ကူတစ်ရွက် သက်သက်ပဲ။ မင်းတို့ရဲ့ ဘဝတွေလည်း အဲဒီသဘော အတိုင်းပဲ။ တစ်ခါတစ်လေမှာ မင်းတို့ အမှားတွေလုပ်မိမယ်၊ လူတွေက မင်းတို့ကို နင်းချေမယ်၊ တံတွေးထွေးမယ်၊ ကဲ့ရဲ့ပစ်တင်မယ်၊ ရှုပ်ချကောင်း ရှုပ်ချကြလိမ့်မယ်။ မင်းတို့ကို မထိုက်တန်ဖူးလို့ ပြောကောင်းပြောကြလိမ့်မယ်။ ဒါပေမယ့် မင်းတို့ကို ဘယ်အခြေအနေမဆို ထိုက်တန်တဲ့သူအဖြစ် မြင်တဲ့၊ မင်းတို့ကို တန်ဖိုးထားတဲ့ သူတစ်ယောက်ရှိနေတယ်ဆိုတာတော့ မှတ်ထားပေးပါ။' လို့ ပြောပြီး ကျောင်းသားကို
ဒေါ်လာ ၄ဝ ပေးလိုက်တယ်။              
                                                                    
From Reggie Debbs at Randolph School
FYN Vol.1 No.2 (Dec 6, 2011)

No comments:

Post a Comment