Human is to err ဆိုသလိုပင် လူသည် အမှားနှင့်မကင်းနိုင်ပါ။
ထိုသို့ဆိုရာ၌ အမှားကိုစိတ်ကြိုက်၊ ပျော်ရွှင်စွာ ကျူးလွန်ဖို့ရန် အားပေးခြင်းတော့ မဟုတ်ပါ။
ထိုနေ့က ကျွန်တော်အပြစ်ကြီးတစ်ခု ကျူးလွန်မိသည်။
ကျွန်တော် ကိုယ့်ကိုယ်ကို အလွန်တရာ စိတ်ပျက်သွားသည်။ ရေချိုးခန်းထဲရှိ၊ ကိုယ်တစ်ခြမ်းပေါ်မှန်ထဲတွင်
ကိုယ့်ပုံရိပ်ကို ကြည့်နေစဉ် ထိုပုံရိပ်က စကားပြောလာသည်။
'ဘယ်လိုလဲကိုယ့်လူ၊ ငါမပြောဘူးလား။
မင်းဒီလိုပြန်ဖြစ်မယ်လို့'
'မင်းငါ့ကို အပြစ်တင်ဖို့မကြိုးစားနဲ့။
ငါဟာခရစ်တော်ရဲ့အသွေးကြောင့် သန့်ရှင်းပြီးသား'
'ဒါတော့ ငါလည်းသိတာပေါ့။ ဒါပေမယ့် မင်းတကယ်ကောစိတ်ဖြောင့်ရဲ့လား။
မင်းသြတပ္ပစိတ်ကြည်လင်ရဲ့လား'
ထိုစကားလုံးက ကျွန်တော့်ကို တွေဝေသွားစေသည်။
အပြစ်လုပ်ထားသည့်လူတစ်ယောက်အတွက် စိတ်ကြည်လင်ဖို့က မဖြစ်နိုင်ပေ။
'ယေရှုဘုရားဆီမှာ ငါတောင်းပန်မယ်။ ငါတောင်းပန်ရင်
သူခွင့်လွှတ်မှာပါ'
'ဟား . . . ဟား . . .
ဟား'
ထိုပုံရိပ်က ရုတ်တရက် လှောင်ရယ် ရယ်လေသည်။
အသံနက်ကြီးဖြင့် အားရပါးရ ရယ်နေသည်ကို ကြားရသည်မှာ ကြက်သီးများပင် တဖြန်းဖြန်းထလာတော့သည်။
'မင်းဒီစကားပြောခဲ့တာ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါရှိပြီလဲ
ကောင်လေး။ နည်းနည်းတော့ရီချင်စရာကောင်းနေတယ်။ ငါမင်းကို မင်းမသိသေးတာတစ်ခု ပြောပြမယ်။
တကယ်တမ်းတော့ အပြစ်လုပ်တယ်ဆိုတာ ဘဏ်မှာငွေစုသလိုပဲ။ မင်းကယ်တင်ခြင်းရပြီးနောက်ပိုင်း
ပထမအကြိမ်အပြစ်လုပ်မိတုန်းက မင်းအေးအေးဆေးဆေးပဲ။ မင်းတောင်းပန်တယ်။ ပြီးတော့ မင်းပေါ့ပေါ့ပါးပါးပဲ
ဘုရားမျက်မှောက်တော်ပြန်တိုးဝင်တယ်။ ဒါနဲ့ ဒုတိယအကြိမ်၊ တတိယအကြိမ် အပြစ်ထပ်ကျူးလွန်ပြန်တယ်။
အဲဒီအချိန်မှာလဲ ပေါ့ပေါ့ပါးပါးပဲ။ ဒါနဲ့ ဟိုတစ်ခါ အကြိမ်နှစ်ဆယ်မြောက် မင်းအပြစ်လုပ်ခဲ့တုန်းကလေ၊
မင်းမှတ်မိမှာပေါ့။ ဘုရားမျက်မှောက်တော်ပြန်တိုးဝင်ဖို့ မင်းတစ်လတိတိအချိန်ကြာခဲ့တယ်။
အပြစ်လုပ်တယ်ဆိုတာ ဘဏ်မှာငွေစုသလိုပဲဆိုတာအဲဒါကိုပြောတာ။ အကြိမ်ရေများလေလေ၊ သူ့ရဲ့အလေးချိန်
ပိုလာလေလေပဲ။ ငါပြောတာမမှန်ဘူးလား။'
လောကမှာ ကျွန်တော့်ကိုနားအလည်ဆုံးသူကို
ပြောပါဆိုလျှင် ထိုပုံရိပ်ကို လက်ညှိုးထိုးမိပေမည်။ သူပြောတော့လည်း နည်းနည်းဟုတ်သလိုလိုရှိလာသည်။
တဖြည်းဖြည်း ကျွန်တော့ရင်ဘတ်ထဲတွင် ပိုပို၍လေးလာသလို ခံစားရသည်။ တဖြည်းဖြည်း အသက်ရှုကြပ်လာသည်။
သို့သော် သူပြောတာကို ကျွန်တော်လက်ခံ၍မဖြစ်။ သူကျွန်တော့်ကို ဝါးမြိုသွားလိမ့်မည်။
'ဘုရားရဲ့မေတ္တာက ဘယ်တော့မှမပြောင်းလဲဘူး'
'ဒါတော့မှန်မှာပါ။ ဘုရားမေတ္တာ၊ သူ့ရဲ့ခွင့်လွှတ်ခြင်းဟာ
ဘယ်တော့မဆိုရှိနေမှာပဲ။ ဒါပေမယ့် မင်းကိုငါမေးခွန်းတစ်ခုထပ်မေးမယ်။ မင်းကိုယ်မင်း ယုံကြည်မှုရှိရဲ့လား'
လာပြန်ပြီနောက်တစ်လုံး။ ကျွန်တော့်ရင်ထဲကို
မြားမှန်သလိုလာစိုက်ဝင်သွားပြီး ကျွန်တော်ပိုပို၍ အသက်ရှုကြပ်လာသည်။ ပုံရိပ်ကဆက်ပြောသည်။
'မင်းကိုယ်မင်း လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိရဲ့လား။
ဘုရားဘက်က မင်းအပေါ်သူ့အမြင် ပြောင်းလဲသွားမှာမဟုတ်ပေမယ့် မင်းဘက်က ဘုရားပေါ်အမြင် မပြောင်းလဲဘူးလို့
မင်းအာမခံနိုင်လို့လား။ မင်း အပြစ်ကိုပြန်မလုပ်ဘူးလို့ မင်းကိုယ်မင်းယုံကြည်မှုရှိရဲ့လား'
'ရှိတယ်။ ဒါနောက်ဆုံးပဲ။ ငါသတိမထားလိုက်လို့
ထောင်ချောက်ထဲကျသွားတာ။ နောက်တစ်ခါဆိုတာမရှိတော့ဘူး'
'ဟား . . . ဟား . . .
ဟား . . . '
ထို ကြောက်စရာရယ်သံထပ်ပေါ်လာပြန်သည်။
ထိုအသံကိုကြားလိုက်ရလျှင် ကျွန်တော့်အူ၊ ကလီဆာများ လှုပ်ခါသွားသကဲ့သို့ ခံစားရသည်။
'ဒီစကားလည်း မင်းပြောခဲ့တာ အကြိမ်ပေါင်းမနည်းဘူးပဲ။
သြော် . . မေ့တော့မလို့။ ဟိုတစ်ခါတုန်းက မင်းလက်ဖဝါးကို
ဓားနဲ့လှီးပြီး ဂတိတစ်ခုတောင်ပေးခဲ့သေးတယ်လေ။ ကျွန်တော် ဘယ်တော့မှမလုပ်တော့ပါဘူးလို့
ဘုရားရှေ့မှာ မင်းသစ္စာဆိုခဲ့တယ်လေ။ ဒါပေမယ့် အခုဘယ်လိုဖြစ်သွားလဲ။'
ကျွန်တော့်ဘယ်ဘက် လက်ဖဝါးကို ကြည့်လိုက်မိသည်။
ဒဏ်ရာပျောက်သွားပြီဖြစ်သည်။ သို့သော် အမာရွက်တော့ကျန်ခဲ့သည်။ ထိုစဉ်က အပြစ်လုပ်ရန်
ပြင်လိုက်တိုင်း ထိုအမာရွက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ချုပ်ထိန်းဖို့ရန်အတွက်
ကျွန်တော်လုပ်ခဲ့ခြင်းဖြစ်သည်။ တစ်ခါ၊ နှစ်ခါလောက်တော့ အဆင်ပြေခဲ့ဖူးပါသည်။
'ကဲပါကွာ။ ဘုရားကမပြောင်းလဲလို့ ဘုရားကိုမေ့ထားလိုက်။
မင်းအခြေအနေကို အရင်ဆုံးကြည့်ရအောင်။ အခုမင်းအပြစ် တစ်ခုထပ်လုပ်တော့ မင်းရဲ့အပြစ်ဘဏ်က
ပိုပိုပြီးလေးလာတယ်။ အဲဒီနှုန်းနဲ့သာဆိုရင် မင်းကြာရင် ဘုရားကိုတောင်မြင်ချင်တော့မှာ
မဟုတ်ဘူး။ ဒီအတိုင်းသာ မင်းဆက်သွားရင် နောက်တစ်နှစ်၊ ဒါမှမဟုတ်အလွန်ဆုံးနှစ်နှစ်မှာ
မင်းဘုရားနဲ့ လုံးဝဝေးကွာသွားလိမ့်မယ်။'
ကျွန်တော်ပိုပိုပြီး စိတ်ရှုပ်ထွေးလာသည်။
သူပြောနေသည်မှာ အတော်အတန်မှန်နေသည်။ ကျွန်တော့်ပါးပြင်သို့ မျက်ရည်စက်များလိမ့်ဆင်းလာသည်။
ကျွန်တော်ဒူးထောက်လိုက်သည်။
'ကျမ်းစာကပြောထားတယ်။ သူငယ်ကဲ့သို့ဖြစ်ပါတဲ့။
မင်းစဉ်းစားကြည့်ပါ ကလေးငယ်ငယ်လေးတစ်ယောက်က အမှားလုပ်မိရင်ဘာလုပ်လေ့ရှိလဲ။ သူ လျှာလေးထုတ်
တဟစ်ဟစ်ရီပြီး ပြီးသွားတယ်။ တကယ်တော့ ဘုရားကပဋိညာဉ်တရားသစ်ကိုပေးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုအပြစ်စီရင်နေဖို့ပေးတာ
မဟုတ်ဘူးဆိုတာ မင်းလည်းသိပြီးသားပါ။ တစ်ချို့တွေဆိုမင်းတွေ့ပါတယ်။ အခုပဲအပြစ်လုပ်တယ်။
အခုပဲ ဘုရားအကြောင်းတွေဝေငှတယ်။ မင်းကသာ မင်းလုပ်ခဲ့တဲ့အရာတွေကို အရမ်းဂရုစိုက်နေတာ။
ဂရုသိပ်မစိုက်တဲ့သူတွေက လွယ်လွယ်ကူကူပဲ လွှတ်မြောက်ခြင်းရပြီး၊ အလုပ်တွေလည်း အများကြီးပဲလုပ်နိုင်တယ်။
မင်းကိုယ်မင်းပြန်ကြည့်လိုက်ဦး။ တစ်ခါအပြစ်လုပ်မိတိုင်း ထမင်းလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင်နဲ့
ဘယ်လောက်ဒုက္ခရောက်ရလဲ။ ဒီတော့ ငါမင်းကိုအကြံပေးမယ်။ ကိုယ့်ကိုယ်ကို မချုပ်ထိန်းနဲ့၊
လုပ်မိရင်လုပ်မိတယ်လို့မှတ်။ မှားရင်မှားတယ်လို့မှတ်။ မင်းရဲ့တာဝန်က မှားတာကိုပြန်မတွေးဘဲ
မေ့ပစ်လိုက်ဖို့ပဲ။ ဒါဆိုဘုရားသခင်က သူ့အလုပ်ဖြစ်တဲ့ ခွင့်လွှတ်ပေးတဲ့အလုပ်ကို သူလုပ်ပေးသွားမယ်။'
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျွန်တော့်စိတ်ထဲ
တဖြည်းဖြည်းပေါ့ပါးလာသလို ခံစားရသည်။ သူပြောနေသည်များက အမှန်ပင်။ ကျွန်တော်ကိုယ့်ကိုယ်ကို
နှိပ်စက်ခဲ့သည်မှာ မည်မျှကြာခဲ့ပြီလဲ။ ညရောက်တိုင်း မအိပ်ခင်မှာ တစ်နေ့တာအတွက်နောင်တရပြီး
'ငါ ဒါမလုပ်ခဲ့ရင်အကောင်းသား' ဟု ရေရွတ်ရင်း အိပ်ပျက်ညတို့အစပြုခဲ့ရသည်။ မျက်မှောက်တော်သို့
တိုးဝင်မည်ဟု ကြံရွယ်လိုက်တိုင်း ကိုယ့်ကိုယ်ကို ရှက်ရွံ့ပြီး နောက်ပြန်ဆုတ်ခဲ့ပေါင်းလည်း
မနည်းတော့ပြီ။ အမှန်တော့ ကျွန်တော်လည်း သူများတွေလို လွတ်လပ်ချင်သည်။ ပေါ့ပါ့းချင်သည်။
ထိုအချိန်တွင် ကျွန်တော့်နှလုံးသားထဲ
ငယ်ငယ်ကကျက်ခဲ့သည့် ကျမ်းပိုဒ်လေးတစ်ပိုဒ် ရောက်လာသည်။
၁ပေ ၅း၇ က 'သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် အဘယ်သူကို မြိုရမည်နည်းဟူ၍
လှည့်လည်ရှာဖွေလျက်ရှိ၏။' ဟု ပြောထားပေသည်။ တဖြည်းဖြည်းနှင့် ကျွန်တော်ပြန်လည်သဘောပေါက်စပြုလာသည်။
ပုံရိပ်၏ စကားများသည် အားလုံးလိုလို မှန်သယောင်ယောင် ထင်စရာရှိသည်။ သို့သော် ဘုရားသခင်ထံမှလာသည့်စကားများမဟုတ်မှန်း
ကျွန်တော်ကောင်းကောင်းသိလိုက်ရသည်။ ထို့နောက် ကျွန်တော် အသံကုန်လွှင့်၍ 'အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့'
ဟု အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် ကျွန်တော့်ပုံရိပ်မှာ အားပါးတရ ရယ်မောပြန်သည်။
'ဟား . . . ဟား . . .
ဟား . . . '
ယခင်ကကဲ့သို့ ကြောက်စိတ် ကျွန်တော့်တွင်
မရှိတော့ပေ။ လှောင်ရယ်သံများကြားတွင် လေတိုးသံသဲ့သဲ့ကြားလိုက်ရသည်။ ထိုအသံက ဟေဗြဲ ၁ဝး၁၉း၂၂
'. . . အသွေးတော်ကို အမှီပြု၍၊ . . . . အထံတော်သို့
တိုးဝင်ကြကုန်အံ့။' ဟူသည့် ကျမ်းပိုဒ်ကို အဆက်မပြတ်ရွတ်ဆိုနေသည်။ ထိုအချိန်လေးတွင်
ကျွန်တော်နားလည်လိုက်ပေသည်။ ယေရှု၏အသွေးတော်သည် တစ်ရက်တည်းအတွက်မဟုတ်၊ တစ်ပတ်တည်းအတွက်မဟုတ်ဘဲ၊
သေသည့်တိုင်အောင် နေ့ရက်စဉ်တိုင်းအတွက် အားထားစရာ၊ အားကိုးစရာဖြစ်ကြောင်း ကျွန်တော်နားလည်သွားသည်။
ကျွန်တော်က ကိုယ့်ကောင်းခြင်းမကောင်းခြင်းကို အားကိုးမိသောကြောင့်သာ၊ ကိုယ့်ကိုယ်ကို
စိတ်ပျက်ခဲ့မိခြင်းဖြစ်သည်။ ကိုယ့်ခွန်အား၊ ကိုယ့်အစွမ်းအစ၊ ကိုယ့်ကိုယ်ပိုင် လုပ်နိုင်ခြင်း၊
မလုပ်နိုင်ခြင်း၊ ကောင်းနိုင်ခြင်း၊ မကောင်းနိုင်ခြင်းအပေါ်တစ်စက်ကလေးမျှ မှီခိုရမည်မဟုတ်ဘဲ၊
ယေရှုခရစ်၏အသွေးတော်အားဖြင့်သာ အထံတော်သို့နေ့ရက်စဉ်တိုင်း တိုးဝင်ရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် လှောင်ရယ်သံသည်လည်း တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ် သွားတော့သည်။
ကျွန်တော်ပြန်ထ၍ မှန်ထဲရှိပုံရိပ်ကို
မျက်နှာချင်းဆိုင်လိုက်သည်။
'အခုလိုအကြံပေးတာ ကျေးဇူးပါပဲ။ လက်တော့မခံပါရစေနဲ့
စာတန်'
FYN Vol.1 No.5 (Dec 27, 2011)
No comments:
Post a Comment