Friday, October 12, 2012

The Precious blood of Christ


ယေရှု အသွေးတော်၏တန်ဖိုး


ဟေဗြဲ ၁ဝး၁၉ - ၂၂
''ထို့ကြောင့် ညီတစ်ကိုတို့၊ ယေရှု၏ ခန္ဓာကိုယ်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်၎င်း၊ ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌တည်လျက်၊ စိတ်နှလုံးကို သံဝေ၈တရားနှင့်လွှတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။''

          ယနေ့ ယုံကြည်သူ ခရစ်ယာန်များသည် ယေရှုအသွေးတော်အကြောင်းကို ကြားဖူးနားဝရှိကြပါသည်။ အသွေးတော်က ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးခဲ့သည် ဆိုသည်ကို သဘောပေါက်နားလည်ကြသည်။ သို့သော် အချို့သော ယုံကြည်သူများသည် အသွေးတော်တန်ဖိုးကို ကောင်းစွာ နားမလည်သောကြောင့် နေ့တိုင်း သြတ္တပ္ပ မကြည်လင်ဘဲ ဘုရားရှေ့တိုးဝင် ချဉ်းကပ်ကြသည်။ ထို့ကြောင့် ဘုရားမျက်မှောက်တော်ထဲသို့ ရဲရင့်စွာ မဝင်လာရဲကြပါ။ အထူးသဖြင့် နုနယ်သော ယုံကြည်သူလူငယ်များစွာသည် အသွေးတော်၏ တန်ဖိုး၊ အကျိုးထိရောက်မှုကို ရှင်းရှင်းလင်းလင်း သဘောမပေါက်ကြပေ။ ထို့ကြောင့် စာတန်မာရ်နတ်၏ စွပ်စွဲမှုကို အမှန်ဟုထင်ပြီး နေ့တိုင်း အစဉ်အမြဲ စိတ်ဒုက္ခ အကြီးအကျယ်ရောက်ကြရသည်။ သို့ဖြစ်ပါ၍ ဘုရားသခင် ပေးသနားတော်မူသော မဟာကျေးဇူးတော်တည်းဟူသော ''အသွေးတော်၏ တန်ခိုး'' ကို အနည်းငယ်ရှင်းပြလိုပါသည်။
          ကမ္ဘာဦးအစ၌ အာဒံနှင့် ဧဝသည် ဘုရားသခင်ကို ပြစ်မှားပြီး အသီးစားသည့်အခါ အပြစ်စတင် ဝင်ရောက်လာသည်။ ထိုအခါ  အပြစ်ကြောင့် ဘုရားနှင့်လူ ဆက်သွယ်မှု ပြတ်တောက်သွားရသည်။ ပထမဦးစွာ ဘုရားဘက်က လူ့အပြစ်ကြောင့် လူကို မိဿဟာရ မဖွဲ့နိုင်တော့ပေ။ ဘုရားသခင်နှင့် လူမဆက်သွယ်နိုင်ရန် အပြစ်က ဆီးတားခဲ့ပေသည်။ ဒုတိယအနေဖြင့် လူ့ဘက်မှလည်း သြတ္တပ္ပ ညစ်ညူးပြီး ဘုရားကို စကားမပြောရဲ၊ ရင်မဆိုင်ရဲတော့ပေ။ လူက ဘုရားရှေ့သွားဖို့ စဉ်းစားလိုက်တိုင်း ရှက်ကြောက်ပြီး အနီးသို့ မသွားရဲဘဲ ရှောင်ထွက်လိုကြသည်။ လူ့အပြစ်က လူကို ဘုရားနှင့် ဆက်သွယ်၍ မရအောင် လုပ်ဆောင်ခဲ့သည်။ ထို့နောက် စာတန်ကလည်း လူ့အပြစ်အားဖြင့် လူကို ဘုရားသခင်ရှေ့၌ စွပ်စွဲပြစ်တင်ခွင့် ရရှိသွားသည်။ ထို့ကြောင့် ပထမဦးစွာ ကျွန်ုပ်တို့ နားလည်ရမည်မှာ အပြစ်သည် ရှုထောင့် (၃) မျိုးကို သက်ရောက်စေခဲ့သည်။ ဘုရားသခင်သည် လူ၏အပြစ်ကြောင့် လူကို မိဿဟာရ မဖွဲ့နိုင်ဖြစ်ရပြီး၊ လူကလည်း ဘုရားကို ကြောက်ရွံ့ခဲ့ရသည်။ ထို့အပြင် စာတန်သည်လည်း လူကို နေ့ညမပြတ် ပြစ်တင်စွပ်စွဲပြီး ဆွဲချတော့သည်။
          ကျွန်ုပ်တို့ ဒုတိယမွေးခြင်းကို မခံရခင်တွင် ဆုလည်းမတောင်းချင်၊ ဘုရားကျောင်းလည်း မသွားချင်ပါ။ ကျွန်ုပ်တို့၏ အပြစ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူ့အနား မချဉ်းကပ်လိုကြပါ။ သို့သော် ဒုတိယမွေးခြင်းကို ရရှိခံစားရသော နေ့တွင်မူ ကျွန်ုပ်တို့၏အတွင်း၌ လွှတ်မြောက်မှုကို ရရှိပြီး ဘုရားကိုလည်း ချစ်လာသည်။ ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားကို ဖခင်သဖွယ် ရင်းနှီးကျွမ်းဝင်လာသည်။ သြတ္တပ္ပစိတ်လည်း ကြည်လင်လာပြီး ဘုရားကို မကြောက်ရွံ့တော့ဘဲ သူနှင့် အစဉ်အမြဲ စကားပြောလိုလာသည်။ သို့သော် ကယ်တင်ခြင်းရရှိပြီး ကြာလာသည်နှင့် တဖန် သြတ္တပ္ပစိတ် ပြန်လည် ညစ်ညူးလာပြီး ဘုရားထံတော်သို့ မချဉ်းကပ်ရဲတော့ပေ။ မည်သူမျှ ကိုယ့်ကို အပြစ်မတင်သော်လည်း ချီးမွမ်းကိုးကွယ်သည့်အချိန်၊ ဆုတောင်းသည့်အချိန်တွင် ဘုရားသခင်ထံသို့ ရှက်ကြောက်စွာ ချဉ်းကပ်ကြရသည်။ ထိုအရာသည် မှန်ကန်သည့်အရာမဟုတ်ပေ။ စာတန်မာရ်နတ်၏ လှည့်စားခြင်း ပရိယာယ်သာဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအသက်တာတွင် အသွေးတော်ကို နေ့ရက်စဉ်တိုင်း အသုံးပြုရကောင်းမှန်းမသိလျှင် (သို့) အသုံးမပြုတတ်လျှင် မိတ်ဆွေသည် များစွာ ဆုံးရှုံးနစ်နာပေမည်။
          အသွေးတော်နှင့်ပတ်သတ်၍ ပထမဦးဆုံး နားလည်ရမည်မှာ 'အသွေးတော်က ဘုရားကို ကျေနပ်စေသည်' ဟူသည့် အချက်ဖြစ်သည်။ အသွေးတော်သည် ဘုရားသခင်ကို ဦးတည်ထားခြင်းဖြစ်သည်။ တနည်းဆိုရသော် လူအတွက်အဓိကမဟုတ်ဘဲ ဘုရားသခင်အတွက်အဓိကဖြစ်သည်။ ကျမ်းစာထဲ၌ ဣသရေလလူမျိုးများ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သိုးသငယ်ကိုသတ်ပြီး အသွေးကို အိမ်တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ သုတ်လိမ်းရသည်။ အသွေးသုတ်လိမ်းသောနေရာသည် အိမ်အပြင်ဘက်မှာရှိပြီး အထဲ၌ရှိသောလူများက မမြင်ရကြပေ။ (ထွက်မြောက် ၁၂း၁ - ၁၃) တွင် ဖော်ပြချက်အရ ကောင်းကင်တမန်များက သားဦးအားလုံးကို သတ်သောအချိန်တွင် အိမ်တံခါး အပြင်တွင်ရှိသော အသွေးကိုသာကြည့်ကြသည်။ အသွေးကိုမြင်လျှင် ထိုအိမ်ကို ကောင်းကင်တမန်တို့က လွန်သွားကြသည်။ ထို့ကြောင့် အသွေးတော်သည် လူအတွက်မဟုတ်ဘဲ ဘုရားအတွက်ဖြစ်သည်။
          ယေရှုခရစ်ကို ယုံကြည်လက်ခံပြီး ဒုတိယမွေးခြင်းခံရပြီးသောသူတိုင်းကို ဘုရားသခင်ကြည့်လျှင် သူ၏အပြစ်များကို မကြည့်ဘဲ (မမြင်ဘဲ) ယေရှုသွန်းလောင်းခဲ့သော အသွေးကိုသာ ကြည့်မြင်သည်။ ထို့ကြောင့် မိတ်ဆွေ၏ ကောင်းခြင်းကြောင့်မဟုတ်ဘဲ ယေရှုခရစ်၏ အသွေးတော်ကြောင့်သာ ဘုရားသခင်က မိတ်ဆွေကို လက်ခံခြင်းဖြစ်သည်။ မိတ်ဆွေ၏အပြစ်သည် ဆိုးရွားလွန်းလှ၍ လူ့အနေဖြင့် ခွင့်လွှတ်၍ မရနိုင်အောင် ရှိကောင်းရှိမည်ဖြစ်သည်။ သို့သော် ယေရှုခရစ်၏အသွေးတော်က မဖုံးလွှမ်းနိုင်သောအပြစ် ၊ လွှတ်ခြင်းမပေးနိုင်သောအပြစ် မရှိပေ။ ဘုရားသခင်သည် မိတ်ဆွေကိုကြည့်နေသည် မှန်သော်လည်း ယေရှု၏ အသွေးကိုမြင်ရလျှင် ကျေနပ်နိုင်ပေသည်။ ဓမ္မဟောင်းခေတ်က နွား၊ ဆိတ်၊ သိုးတို့၏ အသွေးသည် ဘုရားသခင်ကို အပြည့်အဝ မကျေနပ်စေနိုင်ပါ။ ထို့ကြောင့် အဖန်တလဲလဲ ပြန်လည်၍ ပူဇော်ရလေသည်။ သို့သော် ယေရှု၏ အသွေးတော်သည် ထာဝရကာလတိုင် လုံလောက်ခဲ့ပြီ၊ လုံလောက်နေပြီ၊ လုံလောက်ဦးမည်ဖြစ်သည်။
          မိတ်ဆွေ၏ အသက်တာကို စာတန်မာရ်နတ်က စွပ်စွဲလာသောအခါ လက်ခံရမည်မဟုတ်ဘဲ အသွေးတော်၏ တန်ခိုးကိုသာ ကိုင်စွဲရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ပြဿနာမှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းရသည့်နေ့၌ အသွေးတော်ကို အားကိုးခဲ့သော်လည်း နောက်ပိုင်း ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်သည့် အခါတိုင်း အသွေးတော်ကို အားမကိုးတတ်ကြတော့ပေ။ အသွေးတော်ကို အားကိုးပြီး နေ့ရက်တစ်ရက်စီတိုင်း လျှောက်လှမ်းရမည်ဖြစ်ပြီး သေသည့်တိုင်အောင် ထိုအသွေးတော်အားဖြင့်သာ ဘုရားသခင်နှင့် မိဿဟာရဖွဲ့ရမည်ဖြစ်သည်။ ဆုတောင်းခြင်း၊ ချီးမွမ်းကိုးကွယ်ခြင်း စသည့် ဘုရားနှင့်သက်ဆိုင်သည့် အရာတစ်စုံတစ်ခုလုပ်ဆောင်သည့်အခါတိုင်း မိမိ၏ ကောင်းနိုင်ခြင်း၊ ဆိုးမိခြင်းအပေါ်တွင် ရပ်တည်ရမည်မဟုတ်ဘဲ အသွေးတော်တစ်ခုတည်းပေါ်၌ ရပ်တည်ရမည်ဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့၏ နေ့ရက်တိုင်းအသက်ရှင်မှုတွင် သြတ္တပ္ပကြည်လင်စွာ ဘုရားနှင့် လိုက်လျှောက်ရဲမည်ဖြစ်သည်။
          နိဂုံးချုပ်အနေခြင့် ကျွန်ုပ်တို့ လူငယ်များသည် မိမိ၏ လုပ်နိုင်မှု၊ ကောင်းနိုင်မှုအပေါ် ရပ်တည်ကာ ဘုရားနှင့် ရင်ဆိုင်ကြသည်။ မိမိအပြစ်များသောအခါ၊ ကောင်းသောအရာများ မလုပ်နိုင်သောအခါ အားငယ်ပြီး ဘုရားနှင့်ဝေးရာကို ထွက်ပြေးလိုကြသည်။ လူငယ်အစည်းအဝေး ဘုရားကျောင်းများသို့ မသွားလိုဘဲ၊ ဘုရားနှင့် ပတ်သတ်သော အရာမှန်သမျှမှ ရှောင်လွှဲလိုကြသည်။ ဘုရားရှင်ဘက်က သင့်''လုပ်နိုင်၊ မလုပ်နိုင်'' ကို မကြည့်ဘဲ သွန်းလောင်းပြီးသော ယေရှုအသွေးကိုသာ ကြည့်ပြီး မိတ်ဆွေကိုဆက်ဆံကြောင်း သဘောပေါက်ဖို့ရန် လွန်စွာအရေးကြီးပါသည်။ စာတန်က သင့်အပြစ်များ၊ သင့်မကောင်းမှုများကို ထောက်ပြပြီး စွပ်စွဲမည်ဖြစ်သည်။ သင့်ကို ဘုရားရှေ့မှာ မထိုက်တန်ကြောင်း အကြိမ်ကြိမ် စွပ်စွဲမည်ဖြစ်သည်။ ထို စာတန်၏ စွပ်စွဲချက်များကို လက်သင့်မခံဘဲ အသွေးတော်အားကိုးနှင့် စာတန်ရှေ့တွင် ရဲရဲဝံ့ဝံ့ရပ်လျက် ''စာတန် ငါအပြစ်တွေလုပ်ခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ယေရှုခရစ်ရဲ့ အသွေးကြောင့် ဘုရားရှေ့မှာ ငါရပ်ရဲတယ်။ ရပ်နိုင်တယ်'' ဟုပြော၍ ပြန်လည် ချေပလိုက်ဖို့ရန်သာ ဖြစ်ပါသည်။ ယုံကြည်သူ လူငယ်များ အသွေးတော်ကို အားကိုးပြီး ဘုရား၏ မျက်မှောက်တော်ထဲသို့ တိုးဝင်တတ်သောသူများဖြစ်ဖို့ သန့်ရှင်းသောဝိညာဉ်တော်သည် အယောက်စီတိုင်းအား ဖွင့်ပြပြီး ကောင်းကြီးပေးပါစေ။                                          
                                                                                      Brother Khai
                                                                             FYN Vol.1 No.3 (Dec 13, 2011)

No comments:

Post a Comment