မျှော်လင့်ခြင်းဟူသည်
ယနေ့ကျွန်တော်တို့အဖွဲ့၏ တွေ့ဆုံပွဲကိုလမ်းထိပ်ရှိခပ်ပိန်းပိန်းလက်ဘက်ရည်ဆိုင်တွင်ပင်
ပြုလုပ်ဖြစ်ခဲ့သည်။လူကသုံးယောက်။ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ဖြစ်သည့်မိုက်နှင့်မက်။
''ပေါ့စိမ့်သုံးခွက်''
စားပွဲထိုးလေးအနားရောက်လာစဉ်မိုက်ကမှာနေကျအတိုင်းမှာလိုက်ခြင်းဖြစ်သည်။
နောက်ဆိုစားပွဲထိုးက ''ဘာသောက်မလဲ'' ဟုမမေးဘဲလက်ဘက်ရည်သုံးခွက်သာချပေးမည်ဖြစ်သည်။ ပေါ့စိမ့်သုံးခွက်။
''ကဲဆိုစမ်းပါဦး။ ယောက်ဖကြီးမင်းရဲ့ဒီနေ့ခေါင်းစဉ်ကဘာလဲ''
''မျှော်လင့်ခြင်း''
''လာလိုက်တဲ့ခေါင်းစဉ်။မင်းကလည်းကိုယ်နဲ့တန်ရာတန်ရာကိုပဲ
ဆွေးနွေးစမ်းပါကွာ။''
မိုက်ကယခုလိုပဲစတတ်နောက်တတ်သည်။
''မေးခွန်းတစ်ခုမေးမယ်။ မျှော်လင့်ခြင်းဆိုတာဘာလဲ''
ကျွန်တော်ထိုသို့မေးလိုက်သည်နှင့်မိုက်ရောမက်ပါချက်ခြင်းငြိမ်သွားကြသည်။သူတို့စဉ်းစားကြသည်။မက်ကစကားပြောလေ့မရှိ။
ပြောလျှင်လည်းအလာပ၊သလာပ ပြောလေ့မရှိတတ်။စကားများသည့်မိုက်ကစပြောသည်။
''ငါ့အထင်တော့ကွာ မျှော်လင့်ခြင်းဆိုတာကိုယ့်ရဲ့ဆန္ဒတစ်ခုပဲ။ကိုယ်လိုချင်တဲ့အရာတစ်ခုကိုကိုယ်ရမယ်လို့ယုံတာ၊
မျှော်လင့်တာ''
ထို့နောက်မက်ကဆက်ပြောသည်။
''ငါလည်းမိုက်ပြောတာ ထောက်ခံတယ်။ မျှော်လင့်ခြင်းဆိုတာလိုအင်ဆန္ဒတစ်ခုပဲ။ဥပမာကွာမိုက်ဆိုရင်သူဌေးကြီးဖြစ်ချင်တယ်။ဒါသူ့ရဲ့လိုအင်ဆန္ဒပဲ။သူ့ကိုယ်သူလည်းအမှန်တကယ်ဖြစ်လာမယ်လို့အပိုင်မယုံကြည်ဘူး။
ဖြစ်မလာနိုင်ဘူးလို့လည်းမပြောနိုင်ဘူး။တနည်းပြောရရင် မျှော်လင့်ခြင်းဆိုတာ၅ဝ၅ဝပဲ။ ဖြစ်နိုင်ချေ၅ဝနဲ့မဖြစ်နိုင်ချေ၅ဝရှိတဲ့အရာတွေကို
မျှော်လင့်ခြင်းလို့ခေါ်နိုင်တယ်။''
မိုက်ကသူ့အကြောင်းပြောသောကြောင့်သဘောကျစွာပြုံးနေသည်။ကျွန်တော့်အလှည့်
ရောက်လာသည်။မက်နှင့်မိုက်ကျွန်တော်ဘာပြောမည်ဆိုသည်ကိုနားစွင့်နေကြသည်။
''ငါ့အနေနဲ့မင်းတို့နှစ်ယောက်လုံးပြောတာကိုလက်ခံတယ်။ဒါပေမယ့်တစ်ချို့အချက်လေးတွေထပ်ဖြည့်ချင်တယ်။ငါပြောချင်တာက
မျှော်လင့်ခြင်းဆိုတာယုံကြည်ခြင်းမဟုတ်ဘူး။ကျမ်းစာကယုံကြည်ခြင်းမရှိလျှင်ဘုရားစိတ်တော်နှင့်မတွေ့နိုင်လို့ပြောထားတယ်။ဒါပေမယ့်လူ့ဘဝမှာတော့
မျှော်လင့်ခြင်းမရှိရင်လူတွေအသက်မရှင်နိုင်ကြတော့ဘူး။ဆိုလိုတာက မျှော်လင့်ခြင်းဆိုတာလိုချင်ဆန္ဒဆိုတာတော့မှန်ပေမယ့်ဆန္ဒဆိုတာထက်အများကြီးသာတယ်။လူတစ်ယောက်ရဲ့
သေရေးရှင်ရေးတမျှအရေးပါတယ်။ဒါဟာ မျှော်လင့်ခြင်းပဲ။''
ကျွန်တော်ဆက်မပြောခင်မိုက်နှင့်မက်ကိုကြည့်လိုက်သည်။သူတို့မျက်လုံးထဲတွင်လက်ခံသည့်အရိပ်အရောင်ကို
တွေ့နေရသည်။
''ငါ မျှော်လင့်ခြင်းအကြောင်းကိုဆက်မပြောခင်ပုံပြင်လေးတစ်ပုဒ်အရင်ဆုံးပြောပြမယ်။''
ကျွန်တော်ဖတ်ခဲ့ဖူးသည့်စာအုပ်တစ်အုပ်ထဲမှစကားလုံးများကို
ခေါင်းထဲတွင်အလျင်အမြန်စီလိုက်သည်။
''တစ်ခါတအခန်းတစ်ခန်းထဲမှာဖယောင်းတိုင်လေးတိုင်ထွန်းညှိထားတယ်။အဲဒီအခန်းပတ်ပတ်လည်မှာ
လေပြည်တိုက်ခတ်နေတယ်။အဲဒါနဲ့ပဲဖယောင်းတိုင်လေးတွေရဲ့မီးတောက်ဟာလည်းတဖြည်းဖြည်းမှိန်လာတယ်။''
ထိုအချိန်တွင်ကျွန်တော်တို့မှာထားသည့်လက်ဘက်ရည်သုံးခွက်ကိုစားပွဲထိုးကလာချပေးသည်။ကျွန်တော်တို့လည်းလက်ဘက်ရည်ခွက်ကိုယူ၍တစ်ကြိုက်မော့သောက်လိုက်ကြသည်။မိုက်ကပြောသည်။
''ဆက်ပြောလေကွာ။ဘာဆက်ဖြစ်လဲ။''
''အဲဒီမှာပထမဖယောင်းတိုင်က 'ကျွန်တော့်နာမည်ငြိမ်သက်ခြင်းပါ။ဒါပေမယ့်ကျွန်တော်ဆက်လင်းနိုင်မယ်မထင်တော့ဘူး'
လို့ပြောပြီးမကြာဘူးမီးငြိမ်းသွားတော့တယ်။ နောက်ဒုတိယဖယောင်းတိုင်ကဆက်ပြောတယ်။ 'ကျွန်တော့်နာမည်ကယုံကြည်ခြင်းလေ။ကျွန်တော်လည်းဆက်လင်းနိုင်မှာမဟုတ်တော့ဘူး'
ဆိုပြီးမီးငြိမ်းသွားပြန်ပါတယ်။ နောက်တော့တတိယဖယောင်းတိုင်လည်း 'ကျွန်တော့်နာမည်ကချစ်ခြင်းလေ
. .
' လို့ပြောပြီးမီးငြိမ်းသွားပြန်ပါတယ်။အဲဒီအချိန်လေးမှာအခန်းထဲကို ကောင်လေးတစ်ယောက်
ပြေးဝင်လာတယ်။အခန်းထဲမှာဖယောင်းတိုင်သုံးတိုင်မီးမလင်းတော့တာကိုလည်းတွေ့သွားရော ကောင်းလေးလည်းငိုပြီး
'ခင်ဗျားတို့တွေဘာလို့ဆက်မလင်းကြတာလဲ။ခင်ဗျားတို့မရှိဘဲကျွန်တော်တစ်ယောက်တည်းဘယ်လိုအသက်ရှင်ရမှာလဲ'
လို့ပြောတယ်။အဲဒီမှာတစ်တိုင်တည်းမီးလင်းပြီးကျန်နေတဲ့ဖယောင်းတိုင်လေးက 'ကောင်လေးဘာလို့ငိုနေတာလဲ။ငါက မျှော်လင့်ခြင်းဆိုတဲ့ဖယောင်းတိုင်ပဲ။ငါရှိနေသေးတယ်လေ။ငါမီးလင်းနေသေးသရွှေ့မင်းတခြားဖယောင်းတိုင်တွေကိုမီးပြန်ညှိပေးလို့ရတယ်လေ၊'
လို့ပြောလိုက်တယ်။ ကောင်လေးလည်းအငိုတိတ်သွားပြီး မျှော်လင့်ခြင်းဆိုတဲ့ဖယောင်းတိုင်နဲ့ကျန်တဲ့ငြိမ်သက်ခြင်း၊ယုံကြည်ခြင်း၊ချစ်ခြင်းဆိုတဲ့ဖယောင်းတိုင်လေးတွေကိုမီးပြန်တောက်အောင်မီးညှိပေးလိုက်တယ်။ဒါကြောင့်
မျှော်လင့်ခြင်းကို နောက်ဆုံးဖယောင်းတိုင်လို့်လည်းတင်စား ခေါ်ဝေါ်ကြတယ်။အခြား၊အခြားသောအရာတွေလွယ်လင့်တကူ
မှေးမှိန်ကွယ်ပျောက်မယ်။ဒါပေမယ့် မျော်လင့်ခြင်းကတော့လွယ်လွယ်နဲမပျောက်ဘူး။ဘာတဲ့ .
. . ''
ကျွန်တော်မိုက်ကိုလှမ်းပြီးမျက်စိဖြင့်အချက်ပြအကူအညီတောင်းလိုက်သည်။
''အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသေးတယ်''
''အေးဟုတ်တယ်။အသက်ရှင်နေသရွေ့တော့ဘာမဆိုဖြစ်နိုင်နေသေးတယ်။ဒါကြောင့်မသေဖို့တော့လိုတယ်ပေါ့။ဒါပေမယ့်
သေသွားတော့လဲဘယ်တတ်နိုင်မလဲ သေသူ့မျှော်လင့်ချက်ပေါ့။''
မိုက်ကရွှတ်နောက်နောက်ဖြင့် ပြောသည်။
ကျွန်တော်တို့မသိလိုက်သည့်အချိန်တွင်လက်ဘက်ရည်လာပို့ပေးသည့်စားပွဲထိုးလေးကကျွန်တော်တို့အနားမှာပင်ထိုပုံပြင်ကိုနားထောင်နေလေသည်။ဆိုင်ထဲတွင်အခြားစားသုံးသူများလည်းမရှိသေးသောကြောင့်စားပွဲထိုးလေးကကျွန်တော်တို့အနားတွင်ဝင်ထိုင်ရန်ပြင်သည်။
''ကျွန်တော်လည်းလာထိုင်ပြီးနားထောင်လို့ရမလား။ဒီအစ်ကိုပြောတာအရမ်းနားထောင်ကောင်းတယ်။''
''ရပါတယ်။ထိုင်ပါ''
မိုက်ကသူ့ထုံးစံအတိုင်းပင်လူတိုင်းနှင့်
ဖော်ဖော်ရွေရွေရှိလှသည်။ကျွန်တော်လည်းဆက်ပြောသည်။
''ငါလွန်ခဲ့လအနည်းငယ်ကဘုရားဆီကဖွင့်ပြချက်တစ်ခုရခဲ့တယ်။ဘုရားကငါ့ကိုအသုံးပြုမယ်လို့ပြောတယ်။ငါလည်းဘုရားရဲ့ပုံသွင်းခြင်းကိုဝန်ခံတယ်၊ဆုတောင်းတယ်။ဒါနဲ့သိပ်မကြာဘူး
ပြဿနာတွေတစ်ခုပြီးတစ်ခုရောက်လာတယ်။ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ငါစဉ်းစားကြည့်တယ်။ဣသရေလလူမျိုးတွေ
တောထဲမှာနှစ်ပေါင်း၎ဝလည်နေတုန်းကလည်းဒီလိုပဲလို့ထင်တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကလုံးဝအခြေအနေမပေးတော့ဘူး။
ယောသပ်ကော ထောင်ထဲရောက်နေတဲ့အချိန်မှာ ပျော်ရွှင်နေမယ်လို့ထင်လား။အဲဒီလိုအချိန်မှာသူတို့ဆီမှာတစ်ခုပဲရှိခဲ့မယ်။
မျှော်လင့်ခြင်း။ငါကိုယ်တိုင်လည်းဘုရားကိုမယုံကြည်နိုင်တော့တဲ့အချိန်၊အခြေအနေမဟန်တော့တဲ့အချိန်မှာဘုရားကိုပဲ
မျှော်လင့်ခဲ့တယ်။ဒီမျှော်လင့်ခြင်းနဲ့ပဲအသက်ဆက်ရှင်ရတယ်။ဒါကြောင့် မျှော်လင့်ခြင်းဟာငါတို့အတွက်
နောက်ဆုံးအထိ၊ သေတဲ့အထိဆုပ်ကိုင်ထားရမယ့်အရာတစ်ခုဖြစ်တယ်လို့ငါယုံကြည်တယ်။''
ကျွန်တော်လက်ဘက်ရည်ခွက်ကိုယူပြီး မော့သောက်သည်။ချိုစိမ့်ကမချိုစိမ့်ဘဲ၊ချိုးတူးလန်နေသည်။လည်ချောင်းပင်ယားချင်သလိုလို
ဖြစ်လာသည်။သို့သော် မြန်မာလူမျိုးတို့၏ထုံးစံအတိုင်းနားလည်မှုနှင့်ဆက်သောက်သည်။ထိုအချိန်တွင်မက်ကကျွန်တော်ပြောတာကိုဝင်ထောက်ခံသည်။
''အေးကွ . . . . မျှော်လင့်ခြင်းဆိုတာ နောက်ဆုံးဖယောင်းတိုင်တဲ့။ဒီအချက်ကိုငါကောင်းကောင်းသဘောတူတယ်။ငါ့မှာလည်း
မေးခွန်းတစ်ခုရှိတယ်။''
''ပြောလေ''
မိုက်ကတော့အမြဲတမ်းတက်ကြွနေသည်။
''ငါတို့၂၁ရာစုလူငယ်တွေရဲ့ မျှော်လင့်ချက်ကဘာလဲ။''
၂၁ရာစုလူငယ်များ၏ မျှော်လင့်ချက်ဆိုပဲ။ကျွန်တော်တို့လည်းလူငယ်၊ကျွန်တော်တို့သူငယ်ချင်းတွေလည်းလူငယ်၊ကျွန်တော်တို့တိုင်းပြည်ကြီးကိုဦးဆောင်သွားမည့်သူများလည်းလူငယ်များပင်ဖြစ်သည်။မိုက်ကထုံးစံအတိုင်းအမြဲအဦးဆုံးဖြေသည်။
''ငါ့စိတ်ထင်တော့၂၁ရာစုလူငယ်တွေရဲ့
မျှော်လင့်ချက်က ငွေရေးကြေးရေးပဲ။လူငယ်တွေဟာ ငွေရဖို့ကိုကြိုးစားကြတယ်။နိုင်ငံခြားတွေသွားတယ်ဆိုတာကသူတို့
ငွေလိုချင်လို့ပဲ။သူတို့ကချမ်းသာချင်ကြတယ်။ဆင်းဆင်းရဲရဲမနေချင်ကြဘူး။''
မိုက်ကတော့သူလိုသလိုဆွဲတွေးပြီး ပြောသည်။သူ့လိုစီးပွားရေးသမားတစ်ယောက်အတွက်က
ငွေလောက်အရေးကြီးတာမရှိ။သူ့လိုပင်လူငယ်တော်တော်များများ ငွေနောက်ကိုလိုက်နေကြသည်။ကျွန်တော်လည်းဆက်ပြောသည်။
''မိုက်ပြောတာကိုငါလည်းထောက်ခံတယ်မက်။လူငယ်တွေက
ငွေနောက်ကိုသဲသဲမဲမဲလိုက်နေကြတယ်လို့ငါထင်တယ်။ဒီတစ်ခုတည်းတော့မဟုတ်ဘူးပေါ့။ဒါနဲ့မင်းကရော''
''လူငယ်တွေအတွက် ငွေကအရေးပါတယ်ဆိုတာငါမငြင်းပါဘူး။ဒါပေမယ့်
ငွေထက်သာပြီးလူငယ်တွေလိုလားတာတစ်ခုက 'ပတ်ဝန်းကျင်ရဲ့လက်ခံမှု'ပဲ။လူငယ်တွေဟာလူ့ပတ်ဝန်းကျင်ရဲ့လက်ခံမှုရဖို့ကြိုးစားကြတယ်။နိုင်ငံခြားသွားတဲ့ပတ်ဝန်းကျင်ကလူငယ်တွေကနိုင်ငံခြားပဲမသွားရင်လူတွေအထင်သေးခံရမယ်ဆိုပြီးနိုင်ငံခြားသွားတယ်။ပညာတတ်အသိုင်းအဝိုင်းကလူငယ်တွေကျပြန်တော့လည်းတစ်ခြားဘာမှမသိဘူး၊
ငွေဘယ်လောက်ကုန်ကုန်သင်တန်းတက်မယ်၊သင်တန်းပြီးရင်သင်တန်းတက်မယ်။ဒါပြီးရင်လည်း နောက်သင်တန်းတစ်ခုထပ်တက်မယ်။ဒါသူတို့ပတ်ဝန်းကျင်ရဲ့လက်ခံမှုရဖို့ပေါ့။''
မက်ပြောနေသည်များကတရားနည်းလမ်းကျသည်။အတော်အတန်မှန်နေသည်။စားပွဲထိုးလေးက
ဘေးနားမှနေ၍နားထောင်နေသည်။
''ကဲမင်းကောဘယ်လိုထင်လဲ။၂၁ရာစုလူငယ်တွေရဲ့
မျှော်လင့်ခြင်းကဘာလဲ။''
စားပွဲထိုးကောင်လေးစဉ်းစားရကျပ်သွားသည်။ထို့နောက်သူခဏတာစဉ်းစားပြီး
ခေါင်းကိုကုပ်လျက်ပြန်ဖြေသည်။
''အစ်ကိုတို့ပြောတဲ့၂၁ရာစုလူငယ်တွေဘာတွေကျွန်တော်နားမလည်ဘူး။သိလည်းမသိဘူး။ကျွန်တော်တစ်ဘဝလုံးလိုလားတောင့်တခဲ့တာတစ်ခုပဲရှိတယ်။သူများတွေလိုကျွန်တော့်မှာအဖေမရှိတော့တခြားကလေးတွေသူတို့အဖေတွေနဲ့အတူတူလာတာမြင်ရင်ကျွန်တော်အားကျတယ်။ကျွန်တော်လည်းသူတို့လိုပဲကျွန်တော့်ကိုချစ်ပြီးဂရုစိုက်ပေးမယ့်အဖေတစ်ယောက်လိုချင်တယ်''
ထိုသို့ပြောပြီးနောက်ဆိုင်ခန်းထဲသို့ဝင်လာသောစုံတွဲတစ်တွဲကို
နေရာချပေးဖို့ရန်ထွက်သွားလေသည်။
စားပွဲထိုးလေးပြောသွားသည့်အရာကကျွန်တော်တို့သုံးယောက်၏
ဆွေးနွေးပွဲကိုအဆုံးသတ်ပေးလိုက်သည်။၂၁ရာစုတွင်လူငယ်များအထီးကျန်နေသည်။၂၁ရာစုတွင်လူငယ်များ
မေတ္တာငတ်မွတ်နေကြသည်။၂၁ရာစုတွင်လူငယ်များက နွေးထွေးသည့်လက်တစ်စုံနှင့်ရင်ခွင်တစ်ခုကိုလိုလားတောင့်တနေကြသည်။အိုင်တီ၊အိုင်တီနှင့်တအိုင်တည်းတီနေကြသည့်လူများကြားထဲတွင်
ကြေကွဲနေသည့်၊နာကျင်နေသည့်နှလုံးသားများက မေတ္တာကိုငတ်မွတ်နေကြပါသည်တကား၊ မေတ္တာကို မျှော်လင့်နေကြပါသည်တကားဟုကျွန်တော်တို့သဘောပေါက်လိုက်ကြပါသည်။
FYN
Vol.1 No.8 (Jan 17, 2012)
No comments:
Post a Comment