ထာဝရအသက်စိတ်ချမှု
''ဘုရားသခင်၏သားတော်ကိုယုံကြည်သောသင်တို့သည်ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ၊ဤအရာများကိုသင်တို့အားငါရေး၍ပေးလိုက်၏။''
၁ယော၅း၁၃
''ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို
ပေးတော်မူ၏။ထိုသားတို့မူကား၊လူမျိုးနှင့်စပ်ဆိုင်၍ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့်ဘွားသောသားမဟုတ်။လူအလိုအလျောက်ဘွားသောသားမဟုတ်ဘ။ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။''
ယော၁း၁၂ - ၁၃
လူ့ဘဝအသက်တာတွင်အရေးကြီးဆုံးသောအရာကို
ပြောရမည်ဆိုလျှင် ''အသက်'' ဖြစ်သည်။လူသားများသည်အသက်ကိုတန်ဖိုးထားသောကြောင့်အသက်ကိုမဆုံးရှုံးရအောင်ကြိုးစားရုန်းကန်နေကြရသည်။အသက်သေဆုံးသွားလျှင်အခြားမည်သည့်အရာမျှအရေးမပါတော့ပါ။ထို့ကြောင့်လူသားတိုင်းသည်ယခုလက်ရှိရှင်သန်နေသောအသက်ကိုအတတ်နိုင်ဆုံးကာကွယ်ထိန်းသိမ်းကြသည်။ထိုနည်းတူယခုလက်ရှိလူ့ဘဝသည်အရေးပါသကဲ့သို့၊
''ထာဝရအသက်'' သည်အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်သည်။ကျမ်းစာက ပြေားထားသည်မှာသားတော်ယေရှုကိုယုံကြည်သောကျွန်ုပ်တို့သည်ထာဝရအသက်ကိုမိမိကိုယ်တိုင်ရရှိကြောင်း
သေချာဖို့ရန်ထိုကျမ်းစာကို ရေးသားထားခြင်းဖြစ်သည်။ထို့ကြောင့်ယုံကြည်သူအယောက်စီတိုင်းသည်ထာဝရအသက်ကိုကိုယ်တိုင်ရရှိကြောင်း
သေချာစိတ်ချနေရမည်ဖြစ်သည်။မည်သူမျှမသိနိုင်သောမိမိအထဲ၌ သေချာ၊စိတ်ချမှု၊လုံခြုံမှုရှိနေရမည်ဖြစ်သည်။
ယနေ့ခရစ်ယာန်များစွာသည်ဘုရားသခင်ပေးသောထာဝရအသက်စိတ်ချမှုမရှိကြောင်းကိုဝမ်းနည်းဖွယ်
တွေ့မြင်ရပါသည်။ကျမ်းစာတစ်အုပ်လုံးသည်ထာဝရအသက်ရရှိဖို့ရန် ရေးသားထားခြင်း ဖြစ်သော်လည်းမိမိကိုယ်တိုင်မရရှိကြပေ။အချို့သောတရားဟောဆရာများပင်ထိုအရာများကိုမသိကြသည်မှာစိတ်မကောင်းစရာပင်။တရားဟောဆရာများသည်
''ထာဝရအသက်'' အကြောင်းကိုများစွာမဟောကြတော့ပေ။ထို့ကြောင့်မိမိကိုယ်တိုင်ခရစ်ယာန်ဟုဆိုကြသော်လည်းဘုရားသခင်ပေးသနားတော်မူသောအကြီးမားဆုံးလက်ဆောင်တည်းဟူသောထာဝရအသက်ကိုဆုံးရှုံးကြသည်။မိတ်ဆွေကို
မေးခွန်းတစ်ခုမေးလိုပါသည်။မိမိနှလုံးသားထဲကအရိုးသားဆုံး၊အပွင့်လင်းဆုံးအဖြေကို ပေးနိုင်ဖို့မျော်လင့်ပါသည်။မိတ်ဆွေအတွက်သာဖြစ်သည်။မိမိကိုယ်ကိုယ်လိမ်ညာဖို့မကြိုးစားပါနှင့်။ထိုမေးခွန်းသည်ကား
''မိတ်ဆွေထာဝရအသက်စိတ်ချမှုရှိပြီလား''။ ''ငါသေရင်ကောင်းကင်ကိုရောက်ပြီးထာဝရရှင်သန်မယ်။''
ဟုတကယ်ကောစိတ်ချပြီလား။သို့မဟုတ်မရေမရာ၊မသေမချာ၊စမ်းတဝါးဝါးရှိနေဆဲလား။သို့မဟုတ် ''သေမှသိမှာပေါ့''
ဟုမိတ်ဆွေ ပေါ့ပေါ့တန်တန် ဖြေနေလား။
ထိုမေးခွန်းသည်ကားယနေ့လူသားတိုင်းအတွက်အရေးအကြီးဆုံးနှင့်အကြီးမားဆုံးမေးခွန်းတစ်ခုဖြစ်ပါသည်။
သေရေး၊ရှင်ရေးအနေနှင့်စဉ်းစားရမည့်အရာတစ်ခုဖြစ်ပါသည်။အထူးသဖြင့်ခရစ်ယာန်တိုင်းအတွက်အင်မတန်အရေးကြီးသည့်
မေးခွန်းဖြစ်သည်။စိတ်ချမှုမရရှိသေးသည့်လူတစ်ယောက်၏အဖြေသည် ''သေမှသိမယ်'' ဖြစ်သည်။ကျမ်းစာကအတိအလင်းဖော်ပြထားသည်မှာကားကျွန်ုတို့ထာဝရအသက်ကိုရလျှင်ရကြောင်းကို
ကောင်းကောင်းသိရမည်ဖြစ်သည်။ထို့ကြောင့် ''သေမှသိမယ်'' ဟူသည့်အဖြေသည်ငရဲသို့သာဦးတည်နေပါသည်။သို့မဟုတ်မိတ်ဆွေမိမိကိုယ်ကို
''ကောင်းကင်သွားဖို့လည်းမကောင်းလွန်းဘူး၊ငရဲသွားဖို့လည်းမဆိုးလွန်းဘူး'' ဟုထင်မှတ်ကောင်း၊ထင်မှတ်နိုင်ပါသည်။သို့မဟုတ်လျှင်မိတ်ဆွေက
''ငါ မွေးကတည်းကဘုရားကိုသိလာတာပဲ၊ယုံကြည်လာတာပဲ၊ငယ်ငယ်ကတည်းကဆုတောင်းပြီးကြီးပြင်းလာတာပဲ။ငရဲမရောက်နိုင်ပါဘူး''
ဟုဆိုကောင်းဆိုနိုင်ပါသည်။ကျမ်းစာကဘုရားသခင်ဘွားသောသားသည်လူမျိုးနှင့်မဆိုင်ဟုအတိအကျ
ဖော်ပြထားပါသည်။ဆိုလိုသည်မှာဘုရားသခင်ကဒီလူမျိုး၊ ဆွေမျိုး၊မိသားစုကို ကောင်းကင်သို့ဝင်ခွင့်ပေးမည်မဟုတ်ပေ။သင်ကချင်လူမျိုး၊ကရင်၊လားဟူ၊လီဆူ
ဖြစ်၍ကယ်တင်ခြင်းရနိုင်မည်မဟုတ်ပါ။
ထို့အပြင်
''မေထုန်သံဝါသအားဖြင့်ဖွားသောသားမဟုတ်'' ဟုထိုကျမ်းစာကဆက်၍ ဖော်ပြထားပါသည်။မိတ်ဆွေ၏မိဘသည်ခရစ်ယာန်၊သင်းအုပ်၊အမှုတော်ဆောင်
ဖြစ်ကောင်းဖြစ်နိုင်ပါသည်။သို့သော်မိတ်ဆွေ၏ကယ်တင်ခြင်းအတွင်သူတို့ဘာမျှလုပ်ဆောင်ပေးနိုင်မည်မဟုတ်ပါ။မိတ်ဆွေကိုယ်တိုင်ရွေးချယ်ရမည့်အရာ
ဖြစ်ပါသည်။မိတ်ဆွေ၏မိဘသည်ဘုရားကိုသိသောသူဖြစ်၍ ကောင်းကင်ဘုံတွင်မိတ်ဆွေအတွက်နေရာတစ်ခုဘုရားသခင်က
ပြင်ဆင်ပေးလိမ့်မည်မဟုတ်ပါ။ထိုကျမ်းစာကပင် ''လူအလိုအလျောက်ဘွားသောသားမဟုတ်'' ဟု ဖော်ပြထားပြန်ပါသည်။အချို့သောသူများကအသက်ပြည့်လျှင်
ရေနှစ်ခြင်းခံရမည်ဟုယုံကြည်ထားကြပါသည်။ထိုသို့ ရေနှစ်ခြင်းခံခြင်းကကယ်တင်ခြင်းစိတ်ချမှုကိုရရှိစေမည်မဟုတ်ပါ။မိတ်ဆွေကိုယ်တိုင်အတွက်သီးသန့်စိတ်ချမှုရှိရမည်ဖြစ်သည်။
ရေနှစ်ခြင်းခံသောကြောင့် ကောင်းကင်သို့သွားရမည်မဟုတ်ပါ။ ကောင်းကင်သွားဖို့စိတ်ချမှုရရှိပြီးမှသာ
ရေနှစ်ခြင်းခံရမည်ဖြစ်သည်။ထို့ကြောင့်မိတ်ဆွေအနေနှင့်ဆင်ခြေအမျိုးမျိုးပေးပြီး ကောင်းကင်နိုင်ငံဝင်ခွင့်လက်မှတ်ကိုဝယ်ယူ၍ရနိုင်မည်မဟုတ်ပါ။
ထိုသို့ဆိုလျှင်ထာဝရအသက်စိတ်ချမှုဆိုသည့်အရာမှာအဘယ်အရာနည်း။ထာဝရအသက်စိတ်ချမှုကိုမည်ကဲ့သို့ရနိုင်မည်နည်း။ထာဝရအသက်ကိုဘုရားသခင်ကမည်ကဲ့သို့ပေးသည်ဆိုသည့်အရာကိုအနည်းငယ်ဝေငှလိုပါသည်။မိတ်ဆွေသည်ထာဝရအသက်စိတ်ချမှုမရရှိသေးသော်လည်း
ယေရှုကိုယုံကြည်သောသူတော့အနည်းဆုံးဖြစ်မည်ဟုယုံကြည်ပါသည်။သို့သော် ယေရှုကမိတ်ဆွေအတွက်မည်ရွေ့၊မည်မျှလုပ်ခဲ့သည်ဆိုသည်ကိုမသိလျှင်မိတ်ဆွေ၏ယုံကြည်ခြင်းသည်အချည်းနှီးဖြစ်သည်။ယနေ့ကယ်တင်ခြင်းစိတ်ချမှုမရရှိသည့်သူတစ်ယောက်၏
ပြဿနာသည်ယုံကြည်ခြင်းမဟုတ်ဘဲ ယေရှုခရစ်၏ကားတိုင်ပေါ်တွင်လုပ်ဆောင်ခဲ့သည့်ပြီးစီးသည့်အမှုအကြောင်းကိုမသိရှိခြင်းပင်ဖြစ်သည်။သို့မဟုတ်
ကောင်းစွာသဘောမပေါက်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့လူသားများသည်
နေ့ရက်စဉ်တိုင်းထာဝရဘုရားရှေ့တော်မှောက်တွင်အပြစ်များစွာလုပ်ကြသည်။အကြောင်းမှာ မွေးကတည်းကပင်အပြစ်လုပ်ချင်သည့်
'ဗီဇ' သည်ကျွန်ုပ်တို့အထဲတွင်ရှိပြီးသားဖြစ်သည်။ကျမ်းစာကပြောထားသည်မှာကျွန်ုပ်တို့သည်မိဘထံမှဗီဇအပြစ်ကိုလက်ခံရရှိထားခြင်းကြောင့်မကောင်းသောအရာများကိုလုပ်ဖို့ရန်အားသန်တတ်ကြပါသည်။ထို့ကြောင့်ထိုဗီဇ
(အပြစ်လုပ်ချင်သည့်ဗီဇ) ကိုလွန်ဆန်နိုင်သောသူတစ်ယောက်မျှမရှိပါ။ဆဲဆိုမှု၊တပ်မက်မှု၊ လောဘများသည်အပြစ်ဖြစ်သည်။ထိုအပြစ်ကြောင့်ငရဲသို့သွားကြရမည်ဖြစ်သည်။ထို့ကြောင့်အပြစ်သည်ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ၊များသည်ဖြစ်စေ၊နည်းသည်ဖြစ်စေအတူတူပင်အပြစ်ဒဏ်ခံရမည်ဖြစ်သည်။အပြစ်ရှိ၊မရှိဆိုသည့်အရာကငရဲသွား၊မသွားကိုဆုံးဖြတ်ပေးမည်ဖြစ်သည်။အပြစ်တစ်ခုတည်းသာရှိလျှင်လည်းငရဲသွားရမည်ဖြစ်သည်။ထို့ကြောင့်
သေချာသည်မှာမိတ်ဆွေယခုသေခဲ့လျှင်ငရဲသာသွားရမည်ဖြစ်သည်။အပြစ်ရှိသောကြောင့်ဖြစ်သည်။ထိုအပြစ်မှလွှတ်အောင်မိမိကိုယ်တိုင်မစွမ်းဆောင်နိုင်ပေ။ထို့ကြောင့်ဘုရားသခင်၏သားတော်ကဘုရားစင်စစ်မှသည်၊လူ့ဇာတိကိုခံယူပြီးကြွရောက်လာခဲ့ခြင်းဖြစ်သည်။
ယေရှုခရစ်၌ဗီဇအပြစ်မရှိပါ။ဘုရား၏တန်ခိုးတော်အားဖြင့်အပျိုကညာမာရိဝမ်းမှ၊
မွေးသောကြောင့်ဖြစ်သည်။ထို့အပြင်ဒုစရိုက်အပြစ်တည်းဟူသောရန်ဖြစ်ခြင်း၊လိမ်ညာခြင်း၊ဆဲဆိုခြင်း၊တပ်မက်ခြင်း၊
ဒေါသ၊ မောဟများလည်း ယေရှုတွင်မရှိပေ။သို့သော်လည်း ယေရှုသည်ကားတိုင်ပေါ်တွင်ဒုစရိုက်သများတစ်ယောက်၊ဓားပြတစ်ယောက်ကဲ့သို့အသတ်ခံခဲ့ရပေသည်။ရက်စက်စွာညှင်းပန်းခံခဲ့ရပါသည်။ကျွန်ုပ်တို့လမ်းမပေါ်တွင်ဆဲဆိုမိသောကြောင့်
ထောင်မကျပါ။စိတ်ထဲမှပင်အပြစ်တစ်စုံတစ်ခုကိုမျှမကျူးလွန်ဖူးသော ယေရှုသည်အပြစ်အတွက်အသေခံခဲ့ပါသည်။မိတ်ဆွေနှင့်ကျွန်ုပ်တို့အားလုံး၏အပြစ်ကို
ယေရှု၏အပေါ်တွင်ဘုရားသခင်ကတင်လိုက်ပြီး ယေရှုကိုကျွန်ုပ်နှင့်မိတ်ဆွေကိုယ်စားသတ်ခဲ့ခြင်းဖြစ်သည်။
၂ကော၅း၂၁ ''အဘယ်ကြောင့်နည်းဟူမူကားဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကား၊ငါတို့သည်ထိုသူအားဖြင့်ဘုရားသခင့်ရှေ့တော်၌
ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။''
ကျွန်ုပ်တို့ဖက်မှာ
ကျေးဇူးတင်ဖို့ရန်ဖြစ်သည်။ ''ယေရှု ကျေးဇူးတင်ပါတယ်'' ဟု ပြောရုံသာဖြစ်ပါသည်။ကျွန်ုတို့၏အပြစ်ဒဏ်ကိုကျွန်ုပ်တို့ကိုယ်တိုင်ခံရန်မလိုတော့ပါ။
ယေရှုအားလုံးကိုကိုယ်စားပြုခံခဲ့ပြီးဖြစ်သည်။ဘုရားသခင်သည်မိတ်ဆွေကိုအလွန်ချစ်ပြီးငရဲကိုမသွားစေလိုသောကြောင့်သူ့သားတော်အရင်းကိုမိတ်ဆွေအတွက်ကိုယ်စားဒဏ်ခတ်လိုက်ခြင်းဖြစ်သည်။ဘုရား၏မေတ္တာသည်အလွန်ကြီးမားလွန်းလှပါသည်။မိတ်ဆွေဘက်မှမည်သည့်လုပ်ဆောင်မှုမှမလိုအပ်ပါ။
ယေရှုခရစ်မိတ်ဆွေကိုယ်စားကားတိုင်းပေါ်မှာအသေခံ၊ဒဏ်ခတ်ခံခဲ့ခြင်းကိုနားလည်သဘောပေါက်ပြီးသူ့ကိုကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်ရုံသာဖြစ်သည်။သဘောပေါက်ပြီးလက်ခံသောအခါမိတ်ဆွေနှလုံးသား၌ငြိမ်းချမ်းခြင်းကိုခံစားရမည်ဖြစ်ပြီးထာဝရအသက်စိတ်ချမှုကိုရရှိမည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့်ယနေ့ခရစ်ယာန်များကယ်တင်ခြင်းစိတ်ချမှုမရှိသည်မှာကယ်တင်တော်မူဖြင်းအကြောင်းကို
ကောင်းစွာသဘောမပေါက်သောကြောင့်ဖြစ်သည်။ယုံကြည်သည်ဖြစ်သော်လည်းသဘောမပေါက်ဘဲယုံကြည်ခြင်းသည်မိရိုးဖလာယုံကြည်ခြင်းဖြစ်သည်။ထိုအရာကကျွန်ုပ်တို့ကိုမကယ်တင်နိုင်ပါ။ထို့ကြောင့်ဘုရားသခင်ပေးသနားတော်မူသောထာဝရအသက်ကိုကိုယ်တိုင်ရရှိသောသူများဖြစ်ဖို့ရန်သန့်ရှင်းသောဝိညာဉ်တော်သည်ဖွင့်ပြပြီး၊
ကောင်းကြီးပေးပါစေ။
Brother
Khai
FYN Vol.1 No.8 (Jan 17, 2012)
No comments:
Post a Comment