Wednesday, December 19, 2012

LifeMarathon


ဘ၀မာရသွန်



ဒိုင်း . . .
ဘ၀မာရသွန်ပြေးပွဲကြီး စတင်ပါတော့သည်။ မြောက်များလှစွာသော လူငယ်၊ လူကြီး၊ ယောက်ျား၊ မိန်းမတို့သည် တာထွက်မှ စတင်ပြေးထွက်လာကြသည်။ ပန်းတိုင်သို့ အရောက်ပြေးမည့် တက်ကြွမှု၊ စိတ်ချမှုက သူတို့ မျက်နှာတွင် ထင်ဟပ်နေသည်။ ထိုအထဲတွင် ဂျယ်ရီဆိုသည့် လူငယ်လည်း အပါအ၀င်ဖြစ်သည်။
တစ်နာရီခန့် ပြေးပြီးသော် ဂျယ်ရီမှာ ပင်ပန်းနွမ်းနယ်လာသည်။ ထိုစဉ် ပြေးလမ်း၏ ဘေးနားမှ ခြုံကြားမှ လူတစ်ယောက်ထွက်လာပြီး သူ့ကို ပြောသည်။
''မင်း နောက်ကောက်ကျတော့မယ်။ လာခဲ့ ဒီမှာ ဖြတ်လမ်းရှိတယ်။'' ဟုဆို၍ လမ်းသွယ်လေးတစ်ခုကို ပြသည်။ ထိုလမ်း၏ အ၀င်ဝတွင် ''သတိ အန္တရာယ်ရှိသည်'' ဟူသည့် ဆိုင်းဘုတ်တစ်ခု ထိုးထားသည်။
''ဒါပေမယ့် ဒီမှာ သတိထားတယ်လေ''
''ရပါတယ်။ အဲဒါ အလကားပါ။ မင်း ခြေလှမ်းတွေကိုသာ သတိထား အဲဒါဆိုဘာမှမဖြစ်ဘူး။ ငါ့ကိုသာ ယုံလိုက်ပါကွာ။''
''ဟုတ်ပြီလေ အဲဒါဆိုကျွန်တော် ဒီလမ်းကို သွားကြည့်လိုက်မယ်။''
သို့နှင့် ဂျယ်ရီတစ်ယောက် ထိုလူကြီးလမ်းပြပေးသည့် အန္တရာယ်ရှိသည်ဟု ဆိုင်းဘုတ်ထောင်ထားသည့် လမ်းကြားလေးထဲသို့ ၀င်ရောက်လာခဲ့တော့သည်။ အစပိုင်းက လုံးဝအဆင်ပြေသည်။ သို့သော် မိနစ်အနည်းငယ်အကြာမှာတော့ သူမှားသွားမှန်း သိလိုက်ရသည်။
''တောက် . . ငါဒီလမ်းကို မလာခဲ့မိရင်အကောင်းသား''
လမ်းမှာ ဆူးညောင့်များ၊ ခလုတ်များ၊ ချိုင့်ခွက်များအပြည့်ဖြစ်နေသည်။ သူမည်သို့မျှ ဆက်မပြေးနိုင်အောင်ဖြစ်နေသည်။ ခြေလှမ်းများကို သတိကြီးစွာထား၍ လှမ်းနေရသည်။ မကြာလိုက်ပါ။ သူခလုတ်တိုက်၍ ဗွက်အိုင်ထဲသို့ လဲကျသွားသည်။
''အဆင်ပြေလား''
သူလဲကျသွားသည့် အနားတွင် သစ်ပင်တစ်ပင်ကို မှီလျက် စိတ်ပျက်လက်ပျက် ထိုင်နေသာ အပြေးသမားတစ်ယောက်က သူ့ကို လှမ်းမေးလိုက်သည်။
''အဆင်ပြေပါတယ်။ မင်းကကော ဘယ်လိုဖြစ်တာလဲ။''
ထိုလူက စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။
''ငါခဏခဏ လဲကျနေတာ အကြိမ်မရေမတွက်နိုင်အောင်ပဲ။ ပြန်ထပြီး ပြေးဖို့ကို ငါ့မှာအား လုံးဝမရှိတော့ဘူး။''
သူတို့နှစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ် အစီအစဉ်မှူး ရဟတ်ယာဉ်နှင့် ရောက်လာပြီး ရဟတ်ယာဉ်ပေါ်မှ အော်၍မေးသည်။
''ဟေး မင်းတို့အခုအချိန်မှာ ပြေးနေရမှာမဟုတ်ဘူးလား။ ဘာထိုင်လုပ်နေကြတာလဲ။''
''ကျွန်တော်ခဏခဏ ခြေချော်လဲကျရတာ အရမ်းစိတ်ပျက်နေပြီ။ ဘယ်လိုမှ ပန်းတိုင်ရောက်နိုင်မှာ မဟုတ်တော့ပါဘူး။''
အစီအစဉ်မှူးက ပြန်ပြောသည်။
''အေး မင်းတို့အဲဒီလို ထိုင်နေလို့ကတော့ ပန်းတိုင်ကို ဘယ်တော့မှရောက်မှာမဟုတ်ဘူး။ မင်းတို့ လဲကျသွားရင် ပြန်ထပြီး ဆက်ပြေးပေါ့။ လုံးဝလက်မလျှော့နဲ့။ အားတင်းထားကြစမ်းပါ။''
ဂျယ်ရီလည်း အားပြန်တက်သွားပြီး သူ၏မိတ်ဆွေကို အားပေးသည်။
''ဟုတ်တယ်။ သူပြောတာမှန်တယ် သူငယ်ချင်း။ ငါတို့ဆက်သွားရအောင်''
သို့သော် ထိုလူက မှုန်ကုပ်ကုပ်မျက်နှာဖြင့်
''မင်းပဲသွားနှင့်တော့။ ငါတော့ အရမ်းပင်ပန်းနေပြီ။''
သို့နှင့် ဂျယ်ရီလည်း ထိုသူကိုနှုတ်ဆက်ပြီး ထိုနေရာမှ ထွက်လာသည်။
''ပန်းတိုင်မှာ ငါတို့ပြန်တွေ့ကြရအောင်လေ။''
မိနစ်အနည်းငယ်အကြာတွင် ထိုကြမ်းတမ်း၍ ခြုံနွယ်ပိတ်ပေါင်း ထူထပ်လှသည့် ဖြတ်လမ်းမှ ဂျယ်ရီလွတ်မြောက်လာပြီး ပြေးလမ်းပေါ်သို့ ပြန်ရောက်လာသည်။
''ဟူး ... တော်သေးတယ် အဲဒီအထဲက လွှတ်လာလို့''
သက်ပြင်းချရင်း ရှေ့သို့ဆက်ပြေးလာစဉ် သူငယ်ချင်းဖြစ်သူ တွမ်ကို တွေ့လိုက်သည်။
''တွမ် မင်းလည်း ဒီပြိုင်ပွဲမှာ ၀င်ပြိုင်နေတာလား''
''ဟား . . ဂျယ်ရီ မင်းကိုတွေ့ရတာ ၀မ်းသာလိုက်တာ။ ငါက အခုမှစပြေးတာဆိုတော့ မင်းငါ့ကို ကူညီနိုင်မလား။ ငါ့ကို နည်းပေးလမ်းပြပေးမယ့် လူတစ်ယောက်လိုနေလို့။''
''အေး .. စိတ်ချ ငါကူညီပေးမယ်။''
နာရီအနည်းငယ်ခန့် တွမ်နှင့် ဂျယ်ရီ အတူသွားပြီးနောက် လမ်းဘေးဘက်တွင် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။ အချိုရည်၊ အအေးနှင့် အားဖြည့်ရည်တို့ ရောင်းသည့်ဆိုင်တစ်ဆိုင်ဖြစ်သည်။
''လာကြပါ။ ဒီမှာ လန်းဆန်းစေမယ့် အချိုရည်တွေရမယ်။''
ဂျယ်ရီက အချိုရည်ရောင်းနေသည့် လူမှာ သူ့ကို လှမ်းမှားဖြစ်သည့် ဖြတ်လမ်းသို့ လမ်းညွှန်လိုက်သော လူကြီးဖြစ်ကြောင်း တွေ့လိုက်သည်။
''တွမ် မသွားနဲ့။ သူကလူလိမ်။''
''ကိစ္စမရှိပါဘူး။ ငါ ဖြေရှင်းနိုင်ပါတယ်။''
အချိုရည်စင်ပေါ်တွင် တင်ထားသည့် အရည်တစ်ခုကို တွမ်ကမျက်စိကျသွားသည်။
''ဒီ ဘူးလေးကမဆိုးဘူး။ ကျွန်တော့်ကို ဒါတစ်ဘူးပေးပါ။''
''တစ်ဘူးထဲလား။ နှစ်ဘူးလောက်ယူပါ။''
တွမ်က ထိုအချိုရည်နှစ်ဘူးလုံးကို တစ်ထိုင်တည်း မော့သောက်လိုက်သည်။ ဂျယ်ရီက စိုးရိမ်စွာဖြင့် တွမ့်ကို သတိပေးသည်။
''တွမ် . . မင်းသောက်တာ များနေပြီ။ တော်လောက်ပြီ ငါတို့ဆက်သွားရအောင်''
တွမ်ကတော့ ဂျယ်ရီ့ကို သတိပင်မရတော့။
''တော်တော်ကောင်းတယ် နေသာထိုင်သာရှိသွားတာပဲ။''
''နည်းနည်း အကြောပြေသွားအောင် ဒီမှာတစ်ခါတည်း အနှိပ်ခံလို့ရတယ်နော်''
သို့နှင့် တွမ်မှာ ထိုလူကြီး၏ ဆွဲဆောင်မှုနောက် တစ်ကောက်ကောက်ပါအောင် လိုက်သွားပြီး အနှိပ်ခန်းထဲတွင် ကျေနပ်စွာအနှိပ်ခံနေသည်။
ဂျယ်ရီက ထပ်မံသတိပေး၍ ခေါ်သည်။
''တွမ် . . ငါတို့ တကယ်အခုသွားကြရအောင်။''
တွမ်ကမူ အနှိပ်ခံ၍ ဇိမ်ကျနေသည်။
''မင်းသွားနှင့်တော့ ဂျယ်ရီ။ ငါတော့ ဒီမှာခဏလောက် အနားယူလိုက်ဦးမယ်။''
ဂျယ်ရီလည်း တွမ့်ကို လှည့်လှည့်ကြည့်ပြီး စိတ်မသာမယာနှင့် ထွက်လာစဉ် တစ်စုံတစ်ခုကို ၀င်တိုက်မိလိုက်သည်။ သူတိုက်မိလိုက်သည်မှာ လူသန်ကြီးဖြစ်သည်။ သူက လူသန်ကြီးကိုမေးသည်။
''လူသန်ကြီး မင်းသွားနေတာ ပြောင်းပြန်ကြီး။ ရှေ့ဆက်သွားရမှာလေ ဘာလို့နောက်ပြန်လှည့်လာတာလဲ။''
''ငါတော့ ဒီတစ်ခေါက် မပြိုင်ဖြစ်တော့ဘူး။ လေ့ကျင့်ခန်း နည်းနည်းလောက်ပြန်ယူပြီး ခန္တာကိုယ် ကြံ့ခိုင်ဖို့ ပြန်လုပ်ရမယ်ထင်တယ်။''
''လူသန်ကြီး မင်းဘာတွေပြောနေတာလဲ။ ငါသိသမျှ လူတွေထဲမှာ မင်းဟာ အားအသန်ဆုံးဘဲ။ မင်းဘာပြင်ဆင်မှုမှ ထပ်ယူဖို့မလိုပါဘူး။''
''ငါလိုတယ်။ သွားပြီ။ ငါ့ကိုမနှောင့်ယှက်တော့နဲ့ကွာ''
ဂျယ်ရီမှာ နောက်ကြောင်းပြန်လှည့်သွားသော လူသန်ကြီးကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရုံမှလွှဲ၍ ဘာမျှမတတ်နိုင်တော့ပေ။
စိတ်ပျက်စွာဖြင့် ဆက်လျှောက်လာစဉ် အနောက်မှ ခြေသံများကို ကြားလိုက်ရသည်။
''လီ . .''
လီနှင့်အတူ အမျိုးသမီးတစ်ဦးပါ ပါလာလေသည်။
''မင်းအဆင်ပြေရဲ့လား ဂျယ်ရီ''
''အဆင်ပြေပါတယ်ကွာ''
''အေး ဒါနဲ့ မင်းကိုမိတ်ဆက်ပေးရဦးမယ်။ သူ့နာမည်က အီမလီလို့ခေါ်တယ်။ ငါတို့ ဒီပြိုင်ပွဲမှာတွေ့ကြတာလေ။''
လီက ထိုအမျိုးသမီးနှင့် သူ့ကိုမိတ်ဆက်ပေးသည်။ အီမလီက သူ့ကိုနှုတ်ဆက်သည်။
''ဟိုင်း ဂျယ်ရီ တွေ့ရတာ ၀မ်းသာပါတယ်။''
''ပန်းတိုင်မှာ ပြန်တွေ့ကြတာပေါ့''
လီက သူ့ကိုနှုတ်ဆက်ပြီး နှစ်ယောက်သား ထွက်သွားကြသည်။
''ငါ့မှာလည်း သူ့လို အတူတူပြေးနိုင်မယ့် ပြေးဖော်တစ်ယောက်လောက် ရှိရင် သိပ်ကောင်းမှာဘဲ။'' ဟု ဂျယ်ရီတစ်ယောက် တွေးနေမိသည်။ ထိုစဉ် သူ့အနားမှ အမျိုးသမီးတစ်ယောက် ဖြတ်ပြေးသွားသည်။ ဂျယ်ရီက သူမဆီသို့သွား၍ သူ့ကိုယ်သူမိတ်ဆက်သည်။
''ဟိုင်း ကျွန်တော့်နာမည် ဂျယ်ရီပါ။ အမ် . . ကျွန်တော်တို့ အတူပြေးလို့ရမလား။''
ထိုအမျိုးသမီးက ပြတ်ပြတ်ပင် ပြန်ဖြေသည်။
''ဆောရီးပါ ကျွန်မက တစ်ယောက်တည်း ပြေးရတာကို ပိုနှစ်သက်တယ်။''
သူမ သူ့ကိုနှုတ်ဆက်ပြီး ပြေးလမ်းကို ဆက်ပြေးသွားသည်။ တဖြည်းဖြည်းနှင့် သူစိတ်ဓာတ်ကျလာသည်။ ၀မ်းနည်းလာသည်။ သို့နှင့် ရှိုက်ကြီးတငင် ငိုကြွေးပြီး ဆက်လျှောက်လာစဉ် ခလုတ်တိုက်မိပြီး လဲကျသွားသည်။ ၀မ်းနည်းမှုနှင့် နာကျင်မှုနှစ်ခုပေါင်းသွားပြီး စိတ်အလိုမကျမှုနှင့် ဒေါသက အထွတ်အထိပ်သို့ရောက်လာသည်။ ရင်ဘတ်တွင် ကပ်ထားသည့် နံပါတ်စာရွက်ကို ဆွဲဖြဲပြီး ချေမွှပစ်လိုက်သည်။ နောက်ကြောင်းပြန်လှည့်ပြီး ထွက်လာသည်။ ထိုစဉ် အစီအစဉ်မှူးမှာ သူ၏ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဂျယ်ရီ့ကို လှမ်းခေါ်သည်။
''ဂျယ်ရီ မင်းဘာလို့ နောက်ကြောင်း ပြန်လှည့်နေတာလဲ''
''ဒီမာရသွန်ပြေးပွဲက အရမ်းခက်တယ်။ ပြိုင်ပွဲဝင်တွေ အများကြီးလည်း လက်လျှော့သွားကြပြီ။ ကြည့် အခုဆို ဘယ်လောက်တောင် တိတ်ဆိတ်နေလဲ။ ပြီးတော့ ဆက်ပြေးနေတဲ့သူတွေကလဲ ကျွန်တော့်ရဲ့ အဝေးကြီးကိုရောက်သွားကြပြီ။ အခု ကျွန်တော်တစ်ယောက်တည်း ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကကျနေပြီ။''
ထိုအခိုက်အတန့်လေးတွင် အစီအစဉ်မှူးက ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလာသည်။
''ငါမင်းကို ကူညီမယ်။''
''အဲဒါမျိုးလုပ်လို့ရလို့လား''
''ရပါတယ် မင်းငါ့နောက်ကသာ၊ ငါ့ခြေလှမ်းအတိုင်း ထပ်ကြပ်မခွာ လိုက်လာခဲ့။ ဒါဆို မင်းမသိလိုက်တဲ့အချိန်မှာ ပန်းတိုင်ကို ရောက်သွားလိမ့်မယ်။''
ဂျယ်ရီ အားတက်သွားသည်။ အစပိုင်းတွင်တော့ အစီအစဉ်မှူး၏ ခြေလှမ်းအတိုင်းလိုက်သည်။ သို့သော် စိတ်တက်ကြွမှုကြောင့် သူ၏ခြေလှမ်းများက ပိုမိုမြန်ဆန်သွားသည်။ လူကြီးက နောက်မှာကျန်ခဲ့ပြီး သူ့ကိုအော်ခေါ်သည်။
''ဂျယ်ရီ မင်းအဲဒီလောက်မြန်မြန်ကြီးမပြေးနဲ့လေ။ ခဏလေးနဲ့ အမောဖောက်သွာလိမ့်မယ်။''
ဂျယ်ရီမှာ လူကြီး၏အသံကိုပင် မကြားနိုင်တော့ပါ။ အတန်ငယ်ကြာသော ဂျယ်ရီမောလာသည်။ ပင်ပန်းလွန်း၍ ဆက်မပြေးနိုင်အောင် ဖြစ်သွားသည်။ လူကြီးက နောက်မှရောက်လာသည်။
''မင်းကိုငါ သယ်သွားပေးမယ်။''
ပြောပြောဆိုဆို ဂျယ်ရီ့ကို ကုန်းပိုးပြီး ခေါ်ဆောင်သွားသည်။ အတန်ငယ်ကြာသော်
''အခု ကျွန်တော် ဆက်ပြေးလို့ရမယ်ထင်တယ်။''
လူကြီးက ဂျယ်ရီ့ကို အောက်ချပေးလိုက်သည်။
''ငါပြောထားတာ မမေ့ဘူးမဟုတ်လား။''
''ဦး ခြေလှမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်လာဖို့မဟုတ်လား။''
''ဟုတ်ပြီ ဒါဆို အခုကစပြီး ဖြေးဖြေးနဲ့ မှန်မှန် သွားကြရအောင်။''
အစီအစဉ်မှူး၏ ခြေလှမ်းအတိုင်း ထပ်ကြပ်မကွာ လိုက်ပြေးရင်း သူမသိလိုက်သည့်အချိန်တွင် ဂျယ်ရီတစ်ယောက် ပန်းတိုင်သို့ရောက်သွားတော့သည်။ အစီအစဉ်မှူးက သူပြင်ဆင်ထားသော ဒိုင်းကို ဂျယ်ရီ့အားပေးလိုက်ရသည်။
''ရော့ ဒါကတော့ ဒီမာရသွန်ပြေးပွဲကို အောင်အောင်မြင်မြင် ပြေးနိုင်ခဲ့လို့ ဂုဏ်ပြုတာပါ။''
''ဦးသာမကူညီရင် ကျွန်တော်လုံးဝရောက်မှမဟုတ်ဘူး။ ကျွန်တော်တကယ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။''

မိတ်ဆွေ သင်လည်း အပြစ်ထဲမှာ အကြိမ်ကြိမ် လဲကျပြီး ပြန်မထချင်တော့လောက်အောင် မောပန်းနေပြီလား။ သင် ပြုစုပျိုးထောင်ပေးနေတဲ့ တစ်စုံတစ်ယောက်က စုံစမ်းသွေးဆောင်ခံရပြီး ခရစ်ယာန် အသက်ရှင်နေထိုင်မှုကနေ အနားယူသွားလို့ စိတ်ဓာတ်ကျနေလား။ ဒါမှမဟုတ် သင်အထင်ကြီးလေးစားပြီး စံနမူနာယူနေတဲ့ ပုဂ္ဂိုလ်က ရုတ်တရက် သူ့ကိုသူ သိပ်မကောင်းနိုင်သေးဘူးဆိုပြီး ဆုံးဖြတ်လိုက်ရင် သင်ဘယ်လို ခံစားရမလဲ။
စိတ်ဓာတ်မကျပါနဲ့။ ဘုရားသခင်က ဟေဗြဲ ၁၃း၅ မှာ ''ငါသည် သင့်ကိုမစွန့်၊ အလျှင်းပစ်၍မထား'' လို့ ဂတိတော်ရှိထားပါတယ်။ သင်ဘာတွေကြုံတွေ့နေရတယ်ဆိုတာကို အားလုံး ဘုရားသခင်က သိနေပါတယ်။ ပြီးတော့ သင့်ဘ၀ရဲ့ ခြေလှမ်းတိုင်းမှာ သူဟာ သင်နှင့်အတူ အမြဲတမ်းအတူပါရှိတယ်။ တစ်ခါတစ်လေ သူသင့်ကိုချီပိုးပြီး သွားတဲ့အချိန်တွေလည်း ရှိပါတယ်။
ခရစ်ယာန်အသက်တာဆိုတာ လွယ်ကူတဲ့ ပြေးလမ်း၊ လွယ်ကူတဲ့ ပြေးပွဲတစ်ခုတော့ မဟုတ်ပါဘူး။ လမ်းတစ်လျှောက်မှာ ဆူးညောင့်၊ ခလုတ်တွေ၊ ဆွဲဆောင်မှုတွေနဲ့ စိတ်ဓာတ်ကျ၊ စိတ်ပျက်စရာတွေတော့ ကြုံတွေ့ရမှာပါ။ ဒါပေမယ့် ပန်းတုံးတိုင်ကို ရောက်သွားတဲ့သူအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်က စောင့်ကြိုနေမှာပါ။
ပေါလုက ၂တိ ၄း၇ - ၈ မှာ ''ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်တော်မူသော သူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။''
ဒါကြောင့် ကျွန်တော်တို့ကို ယုံကြည်ခြင်းပေးပြီး စုံလင်စေတဲ့အရှင် ယေရှုကိုသာ စေ့စေ့မျှော်ကြည့်ပြီး ပြေးလမ်းကို အဆုံးထိတိုင် ဆက်ပြေးကြပါစို့။

YMI Blogging

The Art of Sacrifice


စွန့်လွှတ်ခြင်း အနုပညာ




အလွန်ပူအိုက်သော၊ အလွန်ကြမ်းတမ်းသောနေ့တစ်နေ့ ကျွန်တော်ရင်ဆိုင်လိုက်ရသည်။ စေတနာ့ဝန်ထမ်းလုပ်ရင်း ဖိနပ်ကြိုးပြတ်သွားသောကြောင့် နေပူပူ၊ ကတ္တရာကုန်သွားသော ကျောက်ခင်းလမ်းပေါ် ခြေဗလာဖြင့်လျှောက်လာသည်။ ၅မိနစ်ခန့်လျှောက်လျှင် ဆိုင်တန်းများရှိသည်။ ဖိနပ်ဆိုင်လည်း ရှိမည်ဟု ကျွန်တော်ယုံကြည်သည်။ ထိုအချိန်တွင် ကျွန်တော်သတိရလိုက်မိသည်။ လွန်ခဲ့သော တစ်ရက်က အဖြစ်အပျက်။
တရားဟောပွဲ တစ်ခုတွင် ဧည့်ကြိုတာဝန်ကို တူညီဝတ်စုံများ ၀တ်ပြီး ကျွန်တော် ပါဝင်ခဲ့ဖူးသည်။ ခန်းမအပြင်ဘက် ညာဘက်ဘေးသို့ ကျွန်တော် ထွက်သွားလိုက်သည့်အချိန်တွင် ကိုရင်လေးတစ်ပါးကို ကျွန်တော်မြင်တွေ့လိုက်ရသည်။ သူကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်သွားသည်။ ကျွန်တော့်ခါးတွင် walkie talkie တစ်လုံးချိတ်ထားသည်။ ထိုစက်မှ နားကြပ်ကြိုးတစ်ချောင်း ကျွန်တော့် ညာဘက်နားတွင် လာတပ်ထားသည်။ စတိုင်ပန် အပြာကို ကျွန်တော်ဝတ်ထားသည်။ ဖိနပ်က အကောင်းမဟုတ်သော်လည်း ခြေထောက်မနာအောင်တော့ သူကာကွယ်ပေးနိုင်သည်။ ထိုကိုရင်လေးနှင့် ကျွန်တော့်တွင် ထူးခြားချက်၊ မတူညီသည့်အချက်တစ်ခုရှိသည်။ ကျွန်တော့်တွင် အဆောင်အယောင်များစွာ ရှိနေသည်။ သူ့တွင် အဆောင်အယောင်များမရှိပေ။ ကျွန်တော့ဆံပင်များကို Code 10 ခေါင်းလိမ်းဆီဖြင့် ပုံစံသွင်းထားသည်။ ကောင်းမွန်သည့် အနံ့ကိုလည်း ထိုခေါင်းလိမ်းဆီက ပေးသေးသည်။ သို့သော် ထို ကိုရင်လေးတွင် Code 10 လိမ်းစရာ ဆံပင်တော့ မရှိပေ။
ကျွန်တော်လည်း သူ့ကိုစူးစူးစိုက်စိုက် ကြည့်နေမိသည်မှာ တစ်ယောက်ကိုတစ်ယောက် ကျော်သွားသည့် အချိန်ထိဖြစ်သည်။ အသိပြန်ဝင်လာတော့ ကျွန်တော့်တွင် အတွေးတစ်ခု ၀င်လာသည်။ ကျွန်တော် သူပေးဆပ်သည့် ထက်ဝက်ခန့်ပင် ဘုရားအတွက် ပေးဆပ်ပါ၏လား။ သူ၏ ထက်ဝက်ခန့်ပင် စွန့်လွှတ်ပါ၏လား။ ကျွန်တော်တို့စွန့်လွှတ်သည့်အရာက အဘယ်အရာများဖြစ်နေပြီလဲ။ မေးခွန်းပေါင်းများစွာ အတွေးပေါင်းများစွာကြားထဲတွင် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မကြာမီ ကျွန်တော်လည်း ကတုံးတုံးမည်။ အကယ်၍ အပြောင် မတုံးနိုင်လျှင်တောင် ကတုံးဆံပေါက်ကေကို ရဲဘော်များကဲ့သို့ ညပ်မည်ဖြစ်သည်။
လူတော်တော်များများက ယောက်ျားမှန်ရင် အလှမကြိုက်တတ်ကြဟု ဆိုတတ်သည်။ သို့သော် အလှကြိုက်သည့် ယောက်ျားများထဲတွင် ကျွန်တော်က ထိပ်ဆုံးဖြစ်သည်။ ကျွန်တော့်ဆံပင်ကေအတွက် တစ်လတွင် အနည်းဆုံးတစ်ခါ ကျွန်တော် စိတ်ညစ်ရသည်။ ကျွန်တော်မွေးလာသည့်အချိန်တွင် ဦးခေါင်းညာဘက်အခြမ်းသည် ပျော့နေပြီး အရိုးလုံးဝမရှိပေ။ ကျွန်တော့်အမေက ကျွန်တော့်ကို မွေးကင်းစအရွယ်ကစပြီး ဆေးတိုက်ခဲ့ရသည်။ ဦးခေါင်းအရိုး ထွက်လာဖို့၊ သို့မဟုတ် ပျော့နေသည့် အရိုးမာလာဖို့ဖြစ်သည်။ မကြာပါ ပုံမှန်အတိုင်း ထိုပျော့နေသည့် နေရာတွင် အရိုးအတိုင်ဖြစ်လာသည်။ သို့သော် ကျွန်တော့်ဦးခေါင်း၏ ထိုညာဘက်ခြမ်းသည် ဘယ်ဘက်ခြမ်းထက် အနည်းငယ် ပို၍ ရှည်ထွက်နေသောကြောင့် ကျွန်တော် ငယ်ငယ်မှစ၍ ဆံပင်ကို တိုတိုမညပ်ရဲပါ။ ထိုဖုနေသည့် ဦးခေါင်းခြမ်းကို လူမမြင်စေလို၍ဖြစ်သည်။ လူတွေ၏ အမြင်တွင် လှနေသူမဖြစ်တောင် ရုပ်ဆိုးနေသူတော့ မဖြစ်လိုဟူသည်မှာ ကျွန်တော့် Philosophy ဖြစ်သည်။ ထိုအတိုင်းလည်း ဆံပင်ပုံစံကို ကျွန်တော်နှင့်အလိုက်ဖက်ဆုံးကို ဆံပင်ညပ်တိုင်း စဉ်းစားရသည်မှာအမော။ ထိုမျှနှင့်မကသေး ကျွန်တော်လိုချင်သည့် ကျွန်တော်နှင့် လိုက်ဖက်မည်ဟု ကျွန်တော်ယုံကြည်သည့် ကေကို ညပ်ပေးနိုင်မည့် ဆိုင်ကိုရှာတွေ့ဖို့ရန် တစ်ဆိုင်ပြီးတစ်ဆိုင် ပြောင်းလာခဲ့သည်မှာ ၁၀ နှစ်ကျော်နေပေပြီ။ သို့သော် ယခုအချိန်ထိ ဖောက်သည်ဆိုင်၊ ပုံမှန်သွားနေကျဆိုင်ဆိုသည်မှာ မရှိသလောက်။ ရှာရှာဖွေဖွေ ကျွန်တော်ကြိုက်သည့် ပုံစံအတိုင်း ညပ်ပေးနိုင်သည့် ဆိုင်တစ်ဆိုင်ကိုတော့ တွေ့ခဲ့ပါသည်။ သို့သော် တတိယအကြိမ်မြောက်သွားသည့်အချိန်တွင် ကျွန်တော်ပုံမှန်ညပ်နေသည့် ဆံပင်ညပ်ဆရာက မညပ်ပေးဘဲ အခြားဆိုင်မှ ခေတ္တရောက်လာသည့် သူ၏ အဖေက ညပ်ပေးသည်။ ဆံပင်ညပ်အပြီး Free Massage Service အဖြစ် ကျွန်တော့်ခေါင်းကိုလှည့်လိုက်သည့်အချိန်တွင် ဂျောက်ခနဲ အသံမြည်ပြီး ကျွန်တော့်လည်ပင်းက အကြောပြတ်သွားသည် ထင်ရလောက်အောင် နာကျင်သွားသည်။ နှစ်ရက်သုံးရက်လောက် ကျွန်တော့်ဦးခေါင်းကို နာနာမလှည့်ရဲလောက်အောင် ဖြစ်သွားသည့်နောက်ပိုင်း ထိုဆိုင်ကိုလည်း အကြောက်ကြီးကြောက်ခဲ့ရပြီး ဘယ်တော့မှ မသွားဖြစ်တော့ပေ။
မိတ်ဆွေ လောကအရာတွေက ကျွန်တော်တို့ကို မည်သို့ဖြစ်စေနေသလဲ။ မိတ်ဆွေ စဉ်းစားဖူးပါသလား။ ကျွန်တော့်ခန္တာကိုယ်ပေါ်က ဆံပင်ကို ကျွန်တော် ဂရုစိုက်ရမည်တော့မှန်ပါသည်။ ကျွန်တော် နည်းနည်းများ ပိုဂရုစိုက်ဖြစ်နေလား။ ကျွန်တော်တို့ဆံပင် လှပဖို့ကျွန်တော်တို့ စဉ်းစားချိန်ရှိသည်။ သို့သော် ဘုရားမြတ်၏ ရှေ့တော်၌ မိမိကိုယ်ကိုယ် တင်လှူပူဇော်ချိန်တွင် ကျွန်တော်တို့ နှလုံးသား၊ ကျွန်တော်တို့ စိတ်ကူး၊ ကျွန်တော်တို့အတွေးအခေါ်များ၏ သန့်ရှင်းခြင်းကို ကျွန်တော်တို့ မည်မျှ စဉ်းစားဖူးပါသလဲ။ သို့မဟုတ် ထိုအရာတွေက ကျွန်တော်တို့အတွက် ပိုအရေးကြီးပြီး ဘုရားအရာတွေက ယေရှုခရစ်အားဖြင့် Automatic အမြဲတမ်းအချိန်တိုင်း ပြည့်စုံနေပြီလား။
ကျွန်တော် ထိုသို့ ဆံပင်ကို တိုတိုညပ်ဖို့ရန် စိတ်ပိုင်းဖြတ်လိုက်သည့် အချိန်တွင် ကျွန်တော့်အသက်တာထဲရှိ ၀န်တစ်ခု လျော့ကျသွားသလို ကျွန်တော်ခံစားလိုက်ရသည်။ အမှန်ပါ မိတ်ဆွေ။ ဘုရားက ကျွန်တော်တို့အသက်တာထဲရှိ ၀န်ထုပ်တွေကို တစ်ခုပြီးတစ်ခု ချဖို့ရန် သွန်သင်နေသည်မှာ သူ၏ပြေးလမ်းထဲတွင် သွက်လက်စွာ၊ ၀န်ထုပ်ကင်းမဲ့စွာဖြင့် ဖြတ်ဖြတ်လတ်လတ် ပြေးပြီး အမြန်ဆုံး ပန်းတိုင်ကို ရောက်စေလိုသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်တော်တို့က လောကအရာများကို ဖက်တွယ်ထားပြီး သတိပင်မထားမိလိုက်ပါ။ ကျွန်တော် ကတုံးတုံးလိုက်သည်ဖြစ်စေ၊ ရဲဘော်ကေ ညပ်လိုက်သည်ဖြစ်စေ ကျွန်တော့်အတွက် မည်သည့် အကျိုးများ ရှိပါသလဲ။ အကျိုးများလိုက်ပါဘိ မိတ်ဆွေ။ Shampoo သုံးစရာမလိုတော့ပါ။ Code 10 တစ်ဗူးကို ထောင်ကျော်ပေးဝယ်စရာ မလိုတော့ပါ။ မှန်ကြည့်ပြီး ဆံပင်ဖြီးစရာမလိုတော့ပါ။ အဓိကအားဖြင့်တော့ ကျွန်တော် ဆံပင်ကေအပေါ် အာရုံစိုက်မှုက လျော့ကျသွားပေလိမ့်မည်။ 
သို့သော် ထိုနေ့က အတွေ့အကြုံက နောက်နေ့များဆီသို့ ထပ်မံ ကူးစက်သွားခဲ့သည်။ ကျွန်တော် ခြေဗလာဖြင့် ကျောက်ခဲခင်းထားသည့် လမ်းထဲ လျှောက်သွားနေချိန်တွင် နာကျင်လွန်းလှသည်။ ပူပြင်းသည့်နေ၊ ပူကျစ်တောက်နေသည့် ကျောက်ချွန်ချွန်များက ကျွန်တော့ ခြေဖ၀ါးကို ဖောက်ဝင်သွားပြီဟုပင် ထင်ရအောင် နာကျင်လွန်းလှသည်။ ထိုအချိန်လေးတွင် ဖိနပ်မစီးထားသည့် ကိုရင်လေး၏ မျက်နှာကို ကျွန်တော်ပြန်မြင်ယောင်လာသည်။ ကျွန်တော့်နှလုံးသားထဲ တိုးညင်းသော အသံတစ်ခုက စကားပြောလာသည်။ ကျွန်တော့်ရင်ထဲ ဆို့နင့်သွားသည်။ ကျွန်တော် မျက်ရည်ဝဲလာသည်။ ထိုစကားကို ကျွန်တော် သေချာတော့မကြားရပေ။ သို့သော် နှလုံးသားက ခံစားရသည်။ ကျွန်တော် အလွန်ခံစားရသည်။ ကျွန်တော်အလွန် ၀မ်းနည်းသွားသည်။ ခြေဖ၀ါးနာ၍ မဟုတ်ပါ။ ၀ိညာဉ်တော်က ကျွန်တော့်ကို တို့ထိပြီး တစ်စုံတစ်ခုကို ခံစားစေသည်ဟု ကျွန်တော် နားလည်သည်။ သို့သော် ဘာကိုခံစားစေသည်ကိုတော့ အတိအကျ ကျွန်တော်မသိပါ။
ကိုရင်လေးတစ်ပါးအနေဖြင့် သူ၏ယုံကြည်မှုအတွက် ပေးဆပ်မှုက မသေးပါ။ မိတ်ဆွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ငါဘုရားအတွက် ဘယ်လောက်ပေးဆပ်ပြီးပြီလဲ။ သေချာပါသည်မိတ်ဆွေ။ မိတ်ဆွေအတွက်တော့ ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ဘုရားအတွက် ဘာဆိုဘာမျှ မပေးဆပ်ရသေးပါ။ ကျွန်တော်ကားတိုင်လမ်းကို  လုံးဝမလျှောက်ရသေးပါ။ ကျွန်တော်တို့က အေးဆေးငြိမ်းချမ်းပြီး သက်တောင့်သက်တာရှိသည့် ဘ၀ကိုတော့ လိုချင်သည်။ သို့သော် ကျွန်တော်တို့ဘက်က ဘာပေးဆပ်မှုမှ မရှိသေးသည့်အတွက် ဘုရားက ကျွန်တော်တို့ကို ကောင်းကြီးမပေးရဲပါ။ ထိုသို့ပြောသောကြောင့် ကျွန်တော်တို့ကို ဘုရားသခင်က ယေရှုလျှောက်ခဲ့သည့် ကားတိုင်လမ်းကို ပြန်လျှောက်ရန် အလိုတော် ရှိသည်ဟု ကျွန်တော် ပြောလိုသည်မဟုတ်။ သို့သော် ကိုယ်တော်က ကားတိုင်ပေါ်တက်ပါ ဆိုလျှင် တက်ဖို့အဆင်သင့်ရှိသည့် စိတ်ထားကိုသာ ဘုရားက လိုလားသည်။ ဘုရားက ထိုစိတ်ထားရှိသူကိုသာ ကောင်းကြီးပေးနိုင်သည်။ ဘုရားက သေရဲသောသူတိုင်းကို အလိုမရှိပါ။ သို့သော် သူ့အတွက်၊ သူခိုင်းလျှင် သေးမင်းလွှမ်းမိုးရာ ချိုင့်ထဲသို့ ဒံယေလနှင့် သူ၏သူငယ်ချင်းများကဲ့သို့ သွားရဲသောသူကိုသာ အလိုရှိသည်။
သတိထားပါ မိတ်ဆွေ။ လောကအရာများနှင့် လောကအရာများ၏ ဆွဲဆောင်မှုက ကျွန်တော်တို့ကို ဖမ်းစားထားသည်၊ ဖမ်းချုပ်ထားသည်။ ကျွန်တော်တို့ ဘုရားအတွက် အားလုံးကို မပေးဆပ်ရဲအောင် လောကစွဲလမ်းခြင်းများက တားဆီးထားပေသည်။ ထို့ကြောင့် ဘုရားက ကျွန်တော်တို့၏ ဘုရားလေးများဖြစ်သည့် ဘုရားမှလွှဲပြီး အခြားစွဲလမ်းသော လောကအရာများကို ဖွင့်ပြလာခဲ့ပါလျှင် ချက်ချင်း စွန့်လွှတ်ပါ။ ထိုနောက်တွင် ဘုရား၏ကောင်းကြီးများ ရှိနေပါသည်။ ဘုရား၏ကောင်းကြီးများက ကောင်းကင်တံခါးမှ ကျဆင်းလာပြီး မိတ်ဆွေ၏ ရွေးချယ်မှုအပေါ် မူတည်ပြီး မိတ်ဆွေထံရောက်ရှိလာနိုင်သကဲ့သို့ မရောက်အောင် ဟန့်တားနိုင်သည့် တစ်ဦးတည်းသောသူက မိတ်ဆွေပင် ဖြစ်ပါသည်။

မေတ္တာဖြင့် ပေါလူ

Tuesday, November 20, 2012

Bandage


ပတ်တီး




မထင်မှတ်ဘဲ ငါ့အနားကို သူရောက်လာခဲ့တယ်။ သူငါ့ကို စကားတစ်ခွန်းပြောတယ်။ ငါအရမ်းပျော်သွားတယ်။ ဘ၀ရဲ့ လေမုန်တိုင်းကြားမှာ လှိုင်းလုံးတွေကိုကျော်ဖြတ်ကူးခတ်ရင်း မောပန်းနေတဲ့အချိန် သူစကားတစ်ခွန်း လာပြောသွားပြန်တယ်။ အဲဒီစကားတစ်ခွန်းက ဆက်လက်ကူးခတ်ဖို့ ငါ့ကိုအားတွေပေးခဲ့တယ်။ ငါ့ဘ၀အတွက် သူက တကယ် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
သူ့ကို ငါယုံကြည်လာတယ်။ စိတ်ချလာတယ်။ အားကိုးလာတဲ့အချိန်မှာ မထင်မှတ်တဲ့အရာတစ်ခုကို သူစလုပ်လာတယ်။ အရင်လိုဘဲ အချိန်တန်တော့ ငါ့အနားကို သူရောက်လာတယ်။ စကားတစ်ခွန်းကို သူပြောတယ်။ ငါအရမ်းနာတယ်။ ‘မင်းအဲဒီလိုစကား ဘယ်တော့မှငါ့ကိုမပြောနဲ့။’ ငါ့အနားက သူပြန်ထွက်သွားတယ်။ ငါမှားသွားခဲ့ပြီလား။ ဒါပေမယ့် အဲဒီအနာက ငါထင်တာထက်ပိုနာနေတယ်။ သိပ်မကြာပါဘူး။ သူအရင်လိုဘဲ ပြန်ရောက်လာတယ်။ စကားတစ်ခွန်းထပ်ပြောတယ်။ သူ့ကိုငါ အရမ်းမုန်းသွားတယ်။ ငါပြောချင်တာတွေ သူ့ကိုပြန်ပြောလိုက်တယ်။ ငါအရမ်းစိတ်နာတယ်။ ငါသူ့ကို ယုံကြည်ခဲ့တယ်။ သူ့ဆီက ဒီလိုစကားမျိုး ဘယ်တုန်းကမှ ကြားရလိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး။ ဒါပေမယ့် သူပြောခဲ့တယ်။
ငါ့ဘ၀ အမှောင်ထဲ ရောက်သွားတဲ့အချိန်မှာ ငါငိုကြွေးနေတယ်။ အရင်ကလို သူ့ရဲ့ အားပေးတဲ့စကားတစ်ခွန်းကို ငါပြန်တမ်းတမိတယ်။ ငါ့ဆုတောင်းကို ဘုရားက ကြားတယ်ထင်တယ်။ အရင်လိုဘဲ ငါ့ဘ၀အမှောင်ခန်းထဲကို သူရောက်လာတယ်။ သူပြောနေကျစကားကို ပြန်ပြောတယ်။ ဒီတစ်ခါတော့ ဂိတ်ဆုံးကိုရောက်သွားပြီ။ ငါ့ရဲ့ ဒေါသတွေ အထဋ်အထိပ်ကို ရောက်သွားခဲ့တယ်။ ငါသူ့ကို သိသမျှ၊ တတ်သမျှ ဆဲနည်းတွေနဲ့ ဆဲရေးတိုင်းထွာပြီး၊ သိသမျှ မကောင်းတဲ့အရာတွေနဲ့ သူ့ကို ပြောတယ်။ နောက်ဆုံးငါပြောလိုက်တာက ‘မင်း ငါ့အနားကို ဘယ်တော့မှ မလာနဲ့တော့။’ ဆိုတဲ့စကားဘဲ။
ဒီလိုပဲ ငါ့ဘ၀ရဲ့ လေမုန်တိုင်းကြား၊ လှိုင်းလုံးကြားမှာ ကူးခတ်ရင်း တစ်ခါခါမှာ ငါ့လှေဟာ လှိုင်းတွေအထက်မှာရှိတယ်။ အဲဒီအချိန်ကတော့ ငါ့ဘ၀ရဲ့ အပျော်ဆုံးအချိန်ဘဲ။ ဒါပေမယ့် တစ်ခါခါမှာ ငါ့ရဲ့လှေဟာ လှိုင်းလုံးတွေအောက်မှာ ပျောက်ကွယ်လုလုဖြစ်နေတယ်။ ဒီလို ကူးခတ်နေရင်းနဲ့ တစ်နေ့မှာ မုန်တိုင်းတို့ ချုပ်ငြိမ်းတဲ့နေ့ရက်မှာ ငါသူ့ကို သတိရမိတယ်။
ငါသတိရတဲ့အတိုင်းဘဲ တစ်နေ့ သူငါ့ဆီရောက်လာတယ်။ သူစကားတစ်ခွန်းပြောတယ်။ အရင်က ပြောဖူးတဲ့စကားပါပဲ။ အရင်က ပြောနေကျစကားပါဘဲ။ အရင်က ငါနာကျင်နေကျစကားတစ်ခွန်းဘဲ။ အရင်က ငါ အသည်းအသန်၊ အကြောက်အကန် ပြန်ပြီးငြင်းတဲ့ အဲဒီစကား၊ အရင်က ငါ့အသည်းတွေကို ဓားနဲ့မွှန်းသလို နာကျင်စေတဲ့ အဲဒီစကားဘဲ ဒီတစ်ခေါက် ငါပြန်ကြားရတယ်။ တကယ်ကို ထူးဆန်းပါတယ်။ ငါမနာကျင်တော့ဘူး။ သူပြောတယ်။ ‘မင်းရဲ့ အနာပျောက်ကင်းသွားပြီ’ တဲ့။ ရုတ်တရက် ငါမှင်သက်မိနေတယ်။ လောကကြီးတစ်ခုလုံးနဲ့ ငါအဆက်အသွယ်ပြတ်သွားတယ်။ ‘အနာပျောက်သွားပြီ’ တဲ့လား။ သူဘာတွေလာပြောနေတာလဲ။ သူဘာပြောချင်တာလဲ။ သူဘာဆိုလိုတာလဲ။ ကိုယ်တော် သူဘာတွေလာပြောနေတာလဲလို့ ဘုရားကိုတောင်ငါမေးလိုက်သေးတယ်။ ငါ့နားထဲမှာလည်း အဲဒီအဖြစ်အပျက်၊ အဲဒီနေ့၊ အဲဒီအချိန်ကို ပြန်တွေးလိုက်တိုင်း ပီပီသသ ပြန်ကြားနေရတယ်။ ‘မင်းရဲ့ အနာပျောက်ကင်းသွားပြီ’ တဲ့။
သတိပြန်ရလို့ သူ့ကိုကြည့်လိုက်တော့ သူမရှိတော့ဘူး။ ငါနေရာအနှံ့ကို ရှာတယ်။ သူမရှိတော့ဘူး။ ငါသိလိုက်ပါပြီ။ ငါမသိလိုက်တဲ့အချိန်မှာ သူဟာ ငါ့အနာကို စည်းပေးသွားတယ်။ ငါ့အနာကို သက်သာ၊ ပျောက်ကင်းအောင် ဆေးလိမ်းပြီး ပတ်တီးစည်းပေးနေခဲ့တာ။ ငါသူ့ကို ပြန်ပြီး ဆဲနေ၊ ဆူနေတဲ့အချိန်မှာ ငါ့အနာကို သူက ဂရုစိုက်ပေးခဲ့တယ်။ အခုတော့ ငါအနာပျောက်သွားပြီ။ သူကတော့ အဝေးတစ်နေရာမှာ အခြားတစ်ယောက်ရဲ့အနာကို ပျောက်ကင်းအောင် ကုသပေးနေမှာဘဲလို့ တွေးနေမိချိန်မှာ လမင်းလေးကတော့ သူ့နဂိုနေရာမှာဘဲ ၀င့်ဝင့်ကြွားကြွား သာနေဆဲပါ။ . . . .

မေတ္တာဖြင့် ပေါလူ

Saturday, November 17, 2012

Reader Kindergarten


သူငယ်တန်းဖတ်စာ



ကျွန်တော်တို့ စာစသင်တော့ သူငယ်တန်းဖတ်စာဖြစ်တဲ့ ''က .. ကာ .. ကား '' ကနေစလိုက်တာ ''ကလေးငယ်ချစ်စဖွယ်'' တို့ပါအပါအ၀င်ပေါ့။ဒါတွေအားလုံးသူငယ်တန်းဖတ်စာမှာပါတဲ့အရာတွေပါ။ သူငယ်တန်းဖတ်စာဟာရိုးရှင်းတယ်၊ လွယ်ကူတယ်ဆိုပေမယ့် သူဟာရိုးရိုးသာမန်စာမဟုတ်ပါဘူး။ သူ့အထဲမှာ အနှစ်သာရအပြည့်၊ ကလေးတစ်ယောက်ရဲ့ အသိစိတ်ထဲ၊ နှလုံးသားထဲမှာရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေကို ဖြည့်စွက်ပေးသွားတဲ့အရာတွေပါ။ သူငယ်တန်းဖတ်စာဟာဖတ်ရလွယ်ပါတယ်။ နားလည်လွယ်ပါတယ်။ ဘယ်သူမဆိုဖတ်နိုင်ပါတယ်။ သူ့မှာ ၉တန်း၊ ဆယ်တန်းစာလိုကဗျာစာသား၊ လှလှလေးတွေတော့ မပါဝင်ပေမယ့် ရိုးရှင်းတဲ့ သူ့ရဲ့အရေးအသားတွေက လူ့ဘ၀ကို ထင်ဟပ်နေတယ်။ အဓိပ္ပါယ်တွေနဲ့လည်း ပြည့်ဝနေပါတယ်။
လူ့ဘ၀ဟာလည်း ထိုနည်းလည်းကောင်းပါဘဲ။ ကျွန်တော်တို့တွေ သုညကနေစခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်မှတ်ညာဏ်ထဲမှာဘာဆိုဘာမှမရှိဘဲ ကျွန်တော်တို့ မွေးဖွားခဲ့ရတယ်။ ပြောရမယ်ဆိုရင် အဖြူထည်သက်သက်ပဲပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့သိလာတယ်။ အဖေဆိုတာရှိတယ်၊ အမေဆိုတာရှိတယ်၊ အဖိုးအဖွားတွေရှိတယ်၊ ညီအစ်ကိုမောင်နှမတွေရှိတယ်။ နောက်ပြီးဗိုက်ဆာရင်၊ မန်းမန်းစားမယ်လို့ ပြောရတယ်။ ကိုယ့်ကိုသားသား၊ ဒါမှမဟုတ် မီးမီးလို့ခေါ်ရင် လှည့်ကြည့်ရမယ်။ ဒါတွေကိုသိလာတယ်။ အဖြူထည်ပေါ်မှာပန်းချီကားလေးတစ်ချပ်ကိုရေးဆွဲတဲ့အခါမှာအရင်ဦးဆုံးအရောင်တွေမပါတဲ့ ခဲခြစ်ကိုပုံကြမ်းအရင်ဆွဲရတယ်။ မှန်ပါတယ်။ ကလေးဘ၀မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်အသိတွေ၊ နှလုံးသားတွေဟာအရောင်တွေမစုံသေးဘူး။ ပုံကြမ်းသာသာဘဲရှိသေးပါတယ်။ အဲဒီလိုအရွယ်မှာ ကျွန်တော်တို့ရဲ့ဘ၀မှာ သူခိုးဆိုတာကိုမသိဘူး၊ လူဆိုးဆိုတာမသိဘူး၊ မုဒိမ်းကောင်ဆိုတာကိုမသိဘူး။ ကျွန်တော်တို့ ကောင်းတာကိုမသိဘူး၊ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဆိုးတာတွေကိုမသိဘူး။ ကျွန်တော်တို့ကိုလူကြီးတစ်ယောက်က ''မင်းကိုငါရိုက်မယ်'' လို့ပြောရင် ကျွန်တော်တို့ တစ်ထစ်ချယုံကြည်ထားတာက ကျွန်တော်တို့ တကယ်ပဲအရိုက်ခံရတော့မယ်။ ကျွန်တော်တို့ကိုသတ်မယ်လို့ပြောရင်လည်းတကယ်သတ်မယ်လို့ယူဆပြီး ကျွန်တော်တို့ငိုတတ်ကြတယ်လေ။
ကျွန်တော်တို့ဟာသူငယ်တန်းဖတ်စာပါ။ ကျွန်တော်တို့ဟာဖတ်ရလွယ်ကူပြီး၊ ရိုးရှင်းလှပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဟာသူငယ်တန်းဖတ်စာပါ။
ကျွန်တော့တူလေးတစ်ယောက် စားပွဲခုံအမြင့်ပေါ်ကနေခုန်ချလိုက်တယ်။ ဘေးမှာကျွန်တော်ရှိတော့ ကျွန်တော်ကဖမ်းလိုက်တယ်။ သူကတော့ အဲဒါကိုသဘောကျနေတယ်။ ကျွန်တော်ဖမ်းမယ်ဆိုတာသူယုံကြည်နေတယ်။ ကျွန်တော်သူ့ကိုကျခွင့်ပေးမှာမဟုတ်ဘူး၊ နာကျင်ခွင့်ပေးမှာမဟုတ်ဘူး၊ ဘယ်အခြေအနေဘဲဖြစ်ဖြစ် ကျွန်တော်ကသူ့ထက်အများကြီးပိုကြီးတဲ့လူကြီးဆိုတော့ သူလုံးဝစိတ်ချထားတယ်။ သူ့မနာကျင်ဖို့ကျွန်တော် ကယ်တင်ပေးမယ်ဆိုတာကိုသူယုံကြည်နေတယ်။ ဘာကြောင့်လဲ။ သူ့ရဲ့နှလုံးသားမှာအရောင်တွေမရှိဘူး၊ အဖြူထည်သက်သက်ပဲ။ သူယုံကြည်ရင်၊ အဲဒီလောက်ထိကိုယုံကြည်လိုက်တယ်။ မယုံကြည်တဲ့သူဆိုရင်လည်းသူ့ကိုထိခွင့်တောင်မပေးဘူး။ဒါဟာဘာကြောင့်လဲဆိုရင် သူဟာသူငယ်တန်းဖတ်စာဖြစ်နေလို့ပါ။ သူဟာဖတ်ရလွယ်ကူပြီးရိုးရှင်းမှုတွေနဲ့ ပြည့်နေတဲ့သူဖြစ်နေလို့ပါ။
ဒါပေမယ့် သဘာဝက ကျွန်တော်တို့ကိုတစ်သက်လုံးသူငယ်တန်းစာဘဲဖတ်နေဖို့ကိုအလိုမရှိပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုမြင့်တဲ့ တစ်တန်းစာ၊ နှစ်တန်းစာကနေကိုးတန်းဆယ်တန်းစာအထိဖတ်ကြရတယ်။ တချို့တွေကလည်းအချိန်ရရင် ရသလိုပုံပြင်စာအုပ်တွေ၊ ၀တ္ထုစာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ၊ မဂ္ဂဇင်းတွေကိုဖတ်ရှုလာကြတယ်။ တချို့ကလည်းဖေမြင့်စာအုပ်၊ တက်တိုးစာအုပ် စတဲ့ ဘ၀ရသစာတွေ ဖတ်လာတယ်။ တချို့ကလည်းသုတစာအုပ်၊ စွယ်စုံကျမ်းစတာတွေကိုဖတ်လာတယ်။ တီဗွီတွေ၊ ရုပ်ရှင်တွေ၊ သတင်းတွေကို ကြည့်လာပြီးအတွေးအခေါ်တွေထဲမှာအရောင်တွေ စုံလင်လာတယ်။ ကျွန်တော်တို့ လူ့ဘ၀ကြီးကို ကောင်းကောင်းသိလာတယ်။ ဒါမကောင်းဘူးလား။ မကောင်းဘူးလို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ကောင်းပါတယ်။ ဒါတွေကျွန်တော်တို့ မသိတဲ့အချိန်မှာ ကျွန်တော်တို့တွေ အလိမ်ခံရတယ်၊ အနှိမ်ခံရတယ်။
တစ်ခါကတရုတ်ဇာတ်ကားတစ်ကားကို ကြည့်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းရဲ့ နာမည်က ''သူခိုးမရှိတဲ့ကမ္ဘာ''။ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် လူငယ်လေးဟာအရမ်းတုံးအသလို၊ ရိုးရှင်းတဲ့၊ ရိုးသားတဲ့ လူတစ်ယောက်ပါ။ သူဟာသူခိုးရှိတယ်ဆိုတာကိုမယုံကြည်ဘူး။ ဘာကြောင့်လဲဆိုရင် သူနေခဲ့တဲ့ တိဘတ်ရွာတစ်ရွာမှာသူတို့ဟာအရမ်းရိုးသားကြတယ်။ နောက်ချေးပုံတစ်ပုံကိုလူတစ်ယောက်ကတွေ့ရင် သူက အဲဒီနောက်ချေးပုံရဲ့ ပတ်ပတ်လည်ကို မျည်းသားထားလိုက်တယ်။ ပြီးတော့ လမ်းပေါ်မှာ အဲဒီအတိုင်း ထားခဲ့လိုက်တယ်။ တစ်စုံတစ်ယောက်က လာပြီးအဲဒီ နောက်ချေးပုံကို တွေ့တဲ့အခါ တားထားတဲ့ မျဉ်းကြောင်းကို တွေ့လိုက်တာနဲ့ ပိုင်ရှင်ရှိတယ်ဆိုတာကို သိပြီး ချက်ချင်း ကျော်သွားကြတယ်။ ဘယ်သူကမှ မယူကြဘူး။ တစ်ပတ်လောက်ထိ အဲဒီနောက်ချေးပုံကို အဲဒီအတိုင်းထားရင်လဲဒီနောက်ချေးပုံဟာမပျောက်ဘူး။ ဇာတ်ကောင် လူငယ်လေးဟာ ဒီလိုဒေသ၊ ဒီလိုနောက်ခံက လာတဲ့သူဆိုတော့ လူတိုင်းကိုယုံကြည်တယ်။ အထူးသဖြင့် လူတိုင်းကို သူခိုးမဟုတ်ဘူးလို့ ယုံကြည်တယ်။
မိတ်ဆွေ ဘ၀က ကျွန်တော်တို့ကိုဘာတွေသင်ပေးလိုက်တာလဲ။ ကျွန်တော်တို့ ရင့်ကျက်တယ်လို့ ပြောပြောနေတဲ့ အရာတွေကဘာတွေလဲ။ ငါအရင်လို မဟုတ်တော့ဘူး လူတွေကို အရင်ကလို မယုံကြည်တော့ဘူးလို့ပြောပြီး ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်လို့ ကျွန်တော်တို့ပြောကြတယ်။ ကျွန်တော်တို့အတွက် ဒါဟာဂုဏ်ယူစရာကြီးလား။ ကျွန်တော်တို့ရဲ့ သူငယ်တန်းဖတ်စာက အရင်ကလို မရိုးရှင်းတောာ့ဘူး။ စာလုံးပေါင်း သတ်ပုံတွေဟာ ခက်ခဲလာတယ်။ အရေးအသားတွေ နက်နဲလာတယ်။ နားလည်ရတာ မလွယ်ကူတော့ဘူး။ လူတွေက ကျွန်တော်တို့ကို ကြည့်ပြီးမင်းစိတ်ကို ငါလုံးဝခန့်မှန်းလို့မရဘူးလို့ ပြောတာကို ကျွန်တော်တို့က ကျေနပ်နေတယ်။ ကျွန်တော်တို့ အရင်ကလိုမရိုးသားကြတော့ဘူး။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့ကပုံမှန်လို့ ထင်နေကြတယ်။ အဲဒါကိုပဲ ကျွန်တော်တို့ကမှန်တယ်လို့ ထင်နေကြတယ်။ လူတွေရှေ့မှာ ဟန်ဆောင်ကောင်းတဲ့သူတွေကို ကျွန်တော်တို့က လူကြီးပီသတယ်လို့ ချီးကျူးကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာရှိခဲ့တဲ့ သူငယ်တန်းဖတ်စာ ဘယ်ရောက်သွားပြီလဲ မိတ်ဆွေ။ ကျွန်တော်တို့ရဲ့ ရိုးသားမှုတွေကို မရိုးသားမှုပင်လယ်ထဲမှာ အရည်ပျော်ခွင့် ပေးလိုက်ကြပြီလား။
ဒါပေမယ့် မိတ်ဆွေ သတိထားပါ။ ကျမ်းစာတော်မြတ်က၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မြတ်က ကျွန်တော်တို့ကိုရှင်းရှင်းလင်းလင်းသတိပေးနေပါတယ်။ ကျွန်တော်တို့ဟာ ပြောင်းလဲပြီး သူငယ်ကဲ့သို့ မဖြစ်ဘူးဆိုရင် ကောင်းကင် နိုင်ငံတော်ကို အမွေခံရမှာ မဟုတ်ပါဘူး။ သူငယ်ကဲ့သို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ကို ကလေးဆန်ဖို့၊ ကလေးကလားဆန်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကလေးသူငယ်ကဲ့သို့ အဆိပ်အတောက်ကင်းရမယ်၊ တွေးတောဆင်ခြင်ခြင်းကင်းရမယ်၊ ဘုရားကို ယုံကြည်လွယ်ရမယ်လို့ ဆိုလိုချင်တာပါ။ မိတ်ဆွေ ကျွန်တော်တို့နဲ့ ဘုရားသခင်ရဲ့ ကြားထဲမှာ ရင့်ကျက်ခြင်းတွေ၊ ဆင်ခြင်စဉ်းစားနိုင်စွမ်းတွေ နေရာယူလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အဝေးကို ရောက်သွားမှာ စိုးရိမ်စရာရှိပါတယ်။ ကျွန်တော်တို့ နှလုံးသားတွေကိုယေရှုရဲ့ အသွေးတော်နဲ့ ပြန်လည်ဆေးကြောခွင့် ပြုကြရအောင်မိတ်ဆွေ။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ အဖြူထည်ပြန်ဖြစ်ကြစို့မိတ်ဆွေ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို နေရာပေးပြီးဘုရားအပေါ် သံသယစိတ်တွေကို အမြန်ဆုံး ပြန်ရှင်းလင်း ကြပါစို့မိတ်ဆွေ။ ကလေးသူငယ်ကဲ့သို့ ဘုရားကပြောရင် ပြောတဲ့အတိုင်းနာခံဖို့ ပြန်ဆက်ကပ်ကြရအောင်။ ကျွန်တော်တို့ လူတွေဖတ်ရလွယ်တဲ့ မေတ္တာစာ၊ ကရုဏာစာ၊ သည်းခံစိတ်ရှည်တဲ့စာတွေ ပြန်ဖြစ်ပြီးဘုရားရဲ့ ဘုန်းတော်ကို ထင်ရှားစေကြရအောင်လို့ အနည်းငယ် တိုက်တွန်းသွေးဆောင်လိုပါတယ်။
                  
 မေတ္တာ၌ ပေါလူ

Sunday, October 21, 2012

The Image



ကျွန်တော်တို့တွေဟာ ခရစ်တော်ရဲ့ ပုံတူလေးတွေဖြစ်ရပါမယ်


လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကဖြစ်သည်။ ကျွန်တော် အလယ်တန်းကျောင်းသားဘဝတွင် ဆရာ၊ ဆရာမစကား လွန်စွာနားထောင်ခဲ့သည်။ ထို့ပြင် ဆရာမခိုင်းလိုက်လျှင် ချက်ချင်းထလုပ်လေ့ရှိသည်ဖြစ်ရာ တနေ့သောအခါ ဆရာမက အတန်းထဲတွင်ဤသို့ဤနှယ်ပြောလိုက်သည်။

'မင်းတို့ ပေါလူကိုကြည့်စမ်း။ သူကဘာသာခြားပေမယ့် အရမ်းလိမ်မာတယ်။ စကားနားထောင်တယ်။'

ဆရာမက ကျွန်တော့်ကို ချီးကျူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကျွန်တော်ကိုယ့်ကိုယ်ကို ခရစ်ယာန်တစ်ယောက်ဆိုတာကို သိသည်။ ကျွန်တော်ယေရှုကိုလည်း အကြွင်းမဲ့ ယုံကြည်ခဲ့သည်။ Sunday School လည်း ပုံမှန်သွားခဲ့သည်ဖြစ်ရာ ခရစ်တော်ကဲ့သို့ ခရစ်ယာန်တိုင်းနေထိုင်ရမည်ဟု ခံယူထားခဲ့သည်။ ဆရာမပြောလိုက်သည့် စကားက အခြားသူတစ်ယောက်အတွက် အလွန်ဝမ်းသာစရာ ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ (အခြားဘာသာဝင်)။ သို့သော် ကျွန်တော်လုံးဝ ဝမ်းမသာခဲ့ပါ။ ဝမ်းသာဖို့ဝေးသေး ကျွန်တော် အလွန်ပင် စိတ်နာခဲ့ရသည်။ ဆရာမကို စိတ်နာသည်တော့မဟုတ်။ ကိုယ့်ကိုယ်ကို စိတ်နာခြင်းလည်းမဟုတ်။ ဘယ်သူ့ကိုမှ စိတ်နာသည်မဟုတ်။ သို့သော် ကျွန်တော် အလွန်ဝမ်းနည်းသွားခဲ့သည်။

ကျွန်တော်တို့က ခရစ်ယာန်များဖြစ်သည်။ ကျွန်တော်တို့က ခရစ်တော်နည်းတူ သန့်ရှင်းစင်ကြယ်ရမည့်သူများ၊ ချစ်ခြင်းမေတ္တာနှင့် ကရုဏာနှင့် ပြည့်ဝရမည့်သူများ ဖြစ်ကြသည်။ အခြားဘာသာဝင်များအတွက်တော့ ကျွန်တော်တို့တတွေသည် ဘာသာခြားဖြစ်ကောင်းဖြစ်မည်။ သို့သော် ခရစ်တော်ကဲ့သို့ ကျွန်တော်တို့ အသက်ရှင်နေထိုင်ခဲ့လျှင် 'ဘာသာခြားပေမယ့်' ဆိုသည့် ဝေါဟာရက ဆရာမထံမှ ထွက်ပေါ်လာမည်မဟုတ်ပါ။ 'ဘာသာခြားပေမယ့်' ၏ နောက်ကွယ်တွင် အဓိပ္ပါယ်များစွာ ရှိပေသည်။

'သူက မြန်မာလူမျိုးပေမယ့်၊ အင်္ဂလိပ်စကားတော့ ရေလည်ကျွမ်းတယ်။ ကျွမ်းစပိ' ဟူသည့်စကား၏နောက်ကွယ်တွင် မြန်မာလူမျိုးများသည် အင်္ဂလိပ်စကားမကျွမ်း၊ သို့သော် 'သူ' ကတော့ ချွင်းချက်အနေနှင့် အင်္ဂလိပ်စကားကို ကျင်ကျင်လည်လည်၊ ချောချောမွေ့မွေ့ပြောတတ်သည် ဟူသော အဓိပ္ပါယ် ရှိနေသည်။

'ဒီကြောင်ကတော့ ရေကူးတတ်တယ်ဟေ့' ဆိုသည်မှာလည်း ကြောင်များသည် အများအားဖြင့် ရေမကူးတတ်၊ သို့သော် 'ဒီကြောင်' ကတော့ ရေကူးတတ်သည်ဟု ဆိုလိုပေသည်။

နောက်ဆုံး ဥပမာတစ်ခုအနေနှင့် 'သူကတောသားပေမယ့် စကားအပြောအဆိုမရိုင်းဘူး' ဟု ပြောလိုက်လျှင် တောသားတိုင်းသည် စကားအပြောအဆို ရိုင်းတတ်ကြသည်ဟု ဆိုလိုခြင်းနှင့် အတူတူဖြစ်သည်။

ကျွန်တော့်ကို ချီးကျူးခဲ့ခြင်းကို ကျွန်တော်ဝမ်းသာသည်။ သို့သော် ထိုချီးကျူးခြင်းက ခရစ်တော်ကို ကိုယ်စားပြုသော ခရစ်ယာန်များကို ရှုတ်ချနေခြင်းလည်း ဖြစ်နေပြန်ပါသည်။ ထိုအကြောင်းကြောင့်တော့ မည်သူ့ကိုမျှ ကျွန်တော်အပြစ်တင်စွပ်စွဲ၍ မရပါ။ ထိုအရာက ကျွန်တော်ငယ်ရွယ်စဉ်က စဉ်းစား၊ တွေးခေါ်ခဲ့ပုံ ဖြစ်သည်။

ထိုအချိန်မှသည် နှစ်ပေါင်းအနည်းငယ်အကြာ ယခုအချိန်တွင် ကျွန်တော်ကောင်းကောင်း နားလည်သဘောပေါက်လာသည်။ ထိုသို့ နားလည် သဘောပေါက်လာသည့် အချိန်တွင် ဆရာမပြောခဲ့သည့်စကားအပေါ် ကျွန်တော်မည်သို့မျှ မခံစားရတော့ပါ။ ဆရာမ မှားသည်ဟုလည်း မခံစားမိတော့ပါ။ တနည်းပြောရလျှင် ဆရာမပြောခဲ့သည့် စကားက မှန်နေခဲ့သည်။

ဤနေရာတွင် IMAGE ဆိုသည့် စကားလုံးကို ကျွန်တော်မိတ်ဆက်ပေးချင်ပါသည်။ ကျွန်တော်တို့ ခရစ်ယာန်များ၏ IMAGE က ဆရာမကို ထိုကဲ့သို့ စဉ်းစားတွေးခေါ်ရန်၊ ထိုကဲ့သို့ ဆုံးဖြတ်ပြောဆိုရန် တွန်းအားပေးခဲ့သောကြောင့်ဖြစ်မည်ဟု ကျွန်တော်ယူဆသည်။ တနည်း ကျွန်တော်တို့ ခရစ်ယာန်များ၏အသက်တာတွင် ခရစ်တော်၏ ပုံသဏ္ဍာန်ကို မဖော်òန်းနိုင်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ကျွန်တော်တို့ ဖော်ပြသည့် IMAGE သည် အလွန်အရေးကြီးသည်။ ဆရာမ ခင်ဆန်းမော် ပြောခဲ့သည်ကို သတိရမိသည်။

စာအုပ်တစ်အုပ်ရှိသည်။ စာအုပ်၏အမည်မှာ'ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်များ' ဟူ၍ဖြစ်သည်။ ထိုစာအုပ်တွင် ပထမနှင့် ဒုတိယနေရာများ၌ မည်သူမည်ဝါရှိသည်ကို ကျွန်တော်မမှတ်မိတော့ပါ။ သို့သော် တတိယနေရာတွင်မူ ယေရှုခရစ်တော်၏ အမည်ကိုထည့်သွင်းထားသည်။ စာအုပ်ထဲတွင် စာရေးဆရာက ဤသို့ ဖြည့်စွက်ဖော်ပြထားသေးသည်။ 'ယေရှုခရစ်တော်ရဲ့ သွန်သင်ချက်၊ လမ်းပြချက်၊ လုပ်ဆောင်ချက်တွေအရတော့ သူဟာ ပြိုင်စံမရှိ ပထမနေရာမှာ ရှိသင့်ပါတယ်။ ဒါပေမယ့် သူ့နောက်လိုက်ဖြစ်တဲ့ ခရစ်ယာန်များရဲ့ အသက်တာ၊ နေထိုင်ပုံတွေကြောင့် သူဟာ တတိယနေရာကို ရောက်ရှိသွားခဲ့တာပါ' ဟူ၍ဖြစ်သည်။

ကျွန်တော်တို့ကို ယေရှုက အချင်းချင်းချစ်ပါဟု တိုက်တွန်းနှိုးဆော်ထားသည်။ ကျွန်တော်တို့က ညီအစ်ကိုချင်းတောင် မချစ်နိုင်ပေ။ ယေရှုက သူ့မယားကိုမပြစ်မှားနှင့်ဟု သွန်သင်ထားသည်။ သို့သော် ခရစ်ယာန်နိုင်ငံဟု လူတိုင်းလက်ခံထားသည့် အနောက်နိုင်ငံများတွင် လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အတူနေခြင်း (Living Together) ကို အပြစ်တစ်ခုဟု မခံယူရုံတင်မကဘဲ ရုပ်ရှင်များတွင်ပင် တွင်တွင်ကျယ်ကျယ် ဖွင့်ပြနေပေသည်။ ထိုအချင်းအရာက ကျွန်တော်တို့၏ IMAGE ကို ဖျက်ဆီးနေပေသည်။ ထိုအချင်းအရာက လူတွေကျွန်တော်တို့အပေါ် မြင်သည့်အမြင်ကို ပြောင်းစေသည်။ မကောင်းသည့်အမြင်ဘက်သို့။ ကျွန်တော်စိတ်အနာဆုံး စကားတစ်ခွန်းက 'ခရစ်ယာန်တွေလည်း ငါတို့နဲ့ မထူးပါဘူး' ဟူသည့် စကားဖြစ်သည်။ မထူးပါဘူးဟု ဆိုခြင်းသည် အတူတူဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ တစ်ယောက်ကပြောဖူးပါသည်။ ကနဦးအသင်းတော်မှ သာမန်အသင်းသားတစ်ယောက်သည် ကောင်းပါပေ့၊ စိတ်ရှည်ပါပေ့၊ ချစ်ခြင်းနှင့် ပြည့်ဝပါပေ့ ဆိုသည့် ဘာသာခြားတစ်ယောက်ထက် သာ၍ကောင်းပါသည်။ ယခုတော့ ကျွန်တော်တို့က သာ၍ကောင်းဖို့နေနေသာသာ၊ ထူးမခြားနား ဖြစ်ကြသည်။ မဿဲတွင် ပြေားထားသကဲ့သို့ အငန်ပျောက်သော ဆားများဖြစ်နေကြသည်။

'ရေလိုက်ငါးလိုက်'၊ 'ရောမရောက်လျှင် ရောမလိုကျင့်'၊ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး'၊ 'သူများမိုးခါးရေသောက်လျှင် ကိုယ်လည်းသောက်' ဆိုသကဲ့သို့ အသက်ရှင်နေထိုင်နိုင်သူကို လူများက လူတော်ဟု သတ်မှတ်ကြသည်။ သို့သော် ကျမ်းစာကတော့ ရှင်းသည် ။ 'သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်' ဟူ၍ ပြတ်ပြတ်သားသား သွန်သင်ထားပါသည်။ ခရစ်ယာန်လောကတွင် သာသနာပလူတို့နှင့် 'အလိုက်အထိုက်' နေတတ်သူကို ပညာရှိဟု သတ်မှတ်ထားသည်မှာ လွန်စွာ ဝမ်းနည်းစရာကောင်းလှပါသည်။ ကျွန်တော်တို့၏ အသက်ရှင်နေထိုင်မှုသည် အခြားသူများကြည့်လိုက်လျှင် ထင်းကနဲနေရမည်ဖြစ်သည်။ ဆိတ်အုပ်ထဲက သိုးကလေးများကဲ့သို့ ဖြစ်ရမည်ဖြစ်သည်။

'မင်း အများသူငါနဲ့ လိုက်လျောညီထွေမနေတတ်ရင်တော့ မင်းမှာမိတ်ဆွေတောင်ရှိမှာမဟုတ်ပါဘူး'

လောကကီလူသားများနှင့် သူတို့၏အကျင့်အတိုင်း ကျွန်တော်တို့ အလိုက်အထိုက်မနေသောကြောင့် ရရှိမည့် အကျိုးရလဒ်တစ်ခုကတော့ မိတ်ဆွေသူငယ်ချင်းများ၏ စွန့်ခွာ၊ ပစ်ပယ်ခြင်း၊ မုန်းတီးခြင်းများဖြစ်သည်။ သို့သော် ယေရှုထံမှ သစ္စာရှိသော ငယ်သားကောင်းဟု အခေါ်ခံရဖို့အတွက် မိတ်ဆွေများ၏ ပစ်ပယ်ခြင်းကို ကျွန်တော်တို့ ကျေနပ်စွာ ခံယူရဲရမည်ဖြစ်သော်ငြားလည်း ကျွန်တော်တို့က ယေရှုထက် မိတ်ဆွေများကို ပိုချစ်ပေသည်။ ယေရှုပေးမည့် ဘုန်းအသရေထက် လူပေးမည့် ဘုန်းကို လိုလားကြသည်။

အထက်တွင် ဖော်ပြထားခဲ့သော စာရေးဆရာကဲ့သို့ပင် ကျွန်တော်တို့၏ အကျင့်များကိုကြည့်ပြီး ခရစ်တော်ကို ယုံကြည်ဖို့ရန် ငြင်းဆန်ခဲ့သောသူ များစွာရှိဦးမည်ဖြစ်သည်။ ကျွန်တော်တို့သည် သူတစ်ပါးထိမိ၍ တည်ဆောက်စရာမဖြစ်ဘဲ သူတစ်ပါးထိမိ၍ လဲစရာဖြစ်နေကြပါသည်။ ခရစ်တော်၏ ကိုယ်ခန္တာဖြစ်သော၊ အသင်းတော်ဖြစ်သော ကျွန်တော်တို့ခရစ်ယာန်များသည် ကျမ်းစာမှ ကိုယ်ယုံကြည်ရာ၊ ကိုယ်လိုချင်သည့်အရာကို ဆွဲထုတ်ပြီး အချင်းချင်းအငြင်းပွားနေသရွှေ့ ကျွန်တော်တို့သည် တစ်ပါးသူအတွက် တည်ဆောက်စရာဖြစ်လာမည်မဟုတ်ပါ။ ကျမ်းစာက ဤသို့ပြောထားပါသည်။

ယော ၁၃း၃၄-၃၅ 'သင်တို့သည် အချင်းချင်း တယောက်ကိုတယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။'

နောက်ကျမ်းစာတစ်ပိုဒ်ကလည်း ဤသို့ပြောထားသေးသည်။

ဗျာဒိတ်ကျမ်း ၃း၁၆ 'ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။'

ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်သော ယုံကြည်သူအယောက်စီတိုင်းကို ဘုရားသခင်က ခရစ်တော်နှင့် ပုံသဏ္ဍာန်တူရန် ရွေးနှုတ်ထားပြီးသားဖြစ်ကြောင်း ကျွန်တော်တို့ မမေ့ဖို့လိုအပ်ပါသည်။ လူတွေရှေ့ မှာ ခရစ်တော်၏ ပုံသဏ္ဍာန်ကိုဆောင်လျက် ခရစ်တော်နှင့်တူသော IMAGE ကို ပြသနိုင်ရန် ဘုရားသခင်က အလိုတော်ရှိပေသည်။ သို့မှသာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည်ဖြစ်သည်။ သို့မှသာ ကျွန်တော်တို့ညီအစ်ကိုချင်းအတွက် ထိမိ၍ တည်ဆောက်စရာဖြစ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ပြုကျင့်နိုင်ရန် ကျွန်တော်တို့ဘက်က ဆန္ဒရှိ၍၊ စိတ်ပိုင်းဖြတ်ဖို့သာလိုအပ်ပါသည်။ ယေရှုခရစ်တော်က ကျွန်တော်တို့ ဝိညာဉ်ပကတိအတိုင်း အသက်ရှင်နိုင်ရန် ကျွန်တော်တို့၏ ဇာတိပကတိလူ (နောက်ဆုံးဖြစ်အာဒံ)ကို ကားတိုင်ထက်မှာ အသေသတ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဝိညာဉ်ပကတိအသက်ရှန်သန်မှုကို ဖော်ဆောင်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း စေလွှတ်ခဲ့ပြီး အယောက်စီတိုင်းအတွက် ပေးခဲ့ပြီးဖြစ်သောကြောင့် ထိုဝိညာဉ်တော်ကို အမှီပြု၍ ကောင်းသော IMAGE ပြသနိုင်သည့် ခရစ်တော်နှင့်တူသော အသက်တာတွင် လျှောက်လှမ်းနိုင်ပါမည့်အကြောင်း ယေရှုနာမ၌ တိုက်တွန်းလိုက်ပါသည်။



မေတ္တာဖြင့် ပေါလူ


FYN Vol.1 No.15 (Mar 6, 2012)